နေ့စဥ်ရင်ခုန်ဖို့ကောင်းတာ
မနက်ဖြန်ဖြစ်လာတဲ့ ကိုယ်ပဲ။
ကိုယ်လုပ်ချင်တဲ့ အလုပ်လေးလုပ်ဖို့
ခြောက်နှစ်၊ ခုနှစ်နှစ်လောက်
သည်းခံစောင့်ဆိုင်းရင်း
ကြိုးစားပြင်ဆင်ခဲ့ဖူးတယ်။
ဘဝမှာ သည်းမခံနိုင်တဲ့အရာတွေကို
အပြုံးအမပျက် ရင်ဆိုင်ပြီး
ဖြတ်ကျော်ခဲ့ဖူးတယ်။
ဘဝမှာ လစဥ်အတိုးတွေပေးဖို့
အလုပ်တွေ လုပ်ခဲ့ဖူးတယ်။
တစ်လတစ်လ အရမ်းကျေအောင်
ရုန်းကန်ကြိုးစားခဲ့ဖူးတယ်။
ကတိမတည်တဲ့လူတွေကြောင့်
လူတွေအကြောင်းနားလည်ခဲ့ဖူးတယ်။
ကိုယ်အထောက်အပံ့ပေးသလို
ဖြစ်စေချင်သလို ဖြစ်မလာတဲ့အတွက်
လူတွေကို စိတ်ကုန်ခဲ့ဖူးတယ်။
သံကြိုးကြီးခြေထောက်မှာတပ်ပြီး
ရှေ့ကိုပြေးပေမည့် ခရီးမတွင်တဲ့
အချစ်ရေးမှာ ဆယ်စုနှစ်ဝက်နီးပါး
ဖြတ်သန်းခဲ့ဖူးတယ်။
ဘဝကို စိတ်ကုန်လို့ ဖြစ်သလိုနေရင်း
နေသလိုဖြစ် ပေါင် ၁၉၀ ကျော် ၂၀၀ နီးပါးနဲ့
ဘဝကြီးဖြစ်ခဲ့ဖူးတယ်။
ဘဝရဲ့သင်ခန်းစာတွေကို ကျေညက်လာတဲ့အခါ
ဘာက အဓိက
ဘယ်အရာက သာမညလဲ နားလည်လာတယ်။
အမြင်တွေမှန်လာတဲ့အခါ
အမှန်တွေ မြင်လာတယ်။
ဘဝအတွက်ထားရမည့် အမြင်တွေရှင်းလာတယ်။
ကျန်းမာကြံ့ခိုင်ရေး တစ်။
အလုပ်၊ စီးပွားနဲ့ ငွေကြေးနှစ်။
အချစ်နဲ့မိသားစု သုံး။
စိတ်ငြိမ်းချမ်းမှု လေး။
အပေါင်းအသင်းရောင်းရင်း ငါး။
ဘဝရဲ့ သင်ခန်းစာတွေလေ့လာရင်း
မနက်ဖြန်ဖြစ်လာတဲ့ ကိုယ်က ရင်ခုန်ဖို့ကောင်းတယ်။
ဒီနေ့ဖြစ်နေတဲ့ ကိုယ်အတွက်
အတိတ်က အားထုတ်မှုတွေအတွက်
ကျေးဇူးတင်မိတယ်။
အခြေအနေ အဖြစ်အပျက်တွေရဲ့
သားကောင်ဖြစ်မည့်အစား
အတွေးအခေါ်ကို ပြောင်းပြီး
အနာဂတ်အတွက် ရှေ့ဆက်ရင်
နေ့ရက်တိုင်းက ရင်ခုန်စရာပဲ။
Phyo Paing @ Derek