ဒီလိုအချိန်မျိုးမှာ လူတိုင်း စိတ်တိုင်းမကျတာမျိုးဖြစ်တတ်ကြတယ်။ မျှော်လင့်ချက်တွေထားပြီး ဖြစ်မလာတိုင်း အားမလိုအားမရဖြစ်တတ်ကြတယ်။ မနက်ထလာတိုင်း သတင်းလေးများကောင်းမလား လိုက်ရှာကြည့်တတ်ကြတယ်။ အနာဂတ်တွေကို စဥ်းစားပြီး စိတ်ပူတတ်ကြတယ်။
ကျွန်တော်ငယ်ငယ်က နာဇီ concentration camp ထဲမှာ နှိပ်စက်ခံခဲ့ရတဲ့ စိတ်ပညာရှင် Viktor Franklr ရဲ့ Man’s search for meaning ဆိုတဲ့စာအုပ်လေးဖတ်ဖူးတယ်။ ဒီစာအုပ်ထဲမှာ အကျဥ်းသားတွေကို နှိပ်စက်ပြီးစောစောသေစေတဲ့အကြောင်းက “မျှော်လင့်ချက်” ဖြစ်တယ်လို့ဆိုတယ်။ ဥပမာ ဒီ X’mas မှာတော့ ငါတို့လွတ်တော့မယ်လို့ကြားတယ်။ မလွတ်ဘူး။ ဒီ Jan မှာတော့ ငါတို့ လွတ်တော့မယ်လို့ကြားတယ်။ မလွတ်ဘူး။ ဒီမှာ မျှော်လင့်ချက်တွေပျက်ပြီး သွေးပျက်စိတ်ဓာတ်ကျပြီး ဒီအကျဥ်းသားတွေက စောစောသေကြတယ်။
အသက်ရှင်ကျန်တဲ့ လူတွေကို လေ့လာကြည့်တော့ သူတို့မှာ မျှော်လင့်ချက်ဆိုတာထက် “ဘဝအဓိပ္ပာယ်” ဆိုတာရှိကြတယ်။ ဥပမာ ငါသေလို့မရသေးဘူး။ အပြင်မှာ ငါ့သမီးလေးရှိသေးတယ်။ ငါအသက်ရှင်ဖို့လိုတယ်။ ဒါမှ ငါ့မိဘကိုပြန်တွေ့နိုင်မှာ။ ငါတို့ ဂျူးလူမျိုးတွေအတွက် အသက်ဆက်ရှင်ရမယ်။ ဒီလိုစိတ်ဓာတ်တွေရှိကြတယ်။ ဒါကြောင့် Viktor Franklr က He who has a why to live can bear almost any how လို့ဆိုခဲ့တယ်။ ဘာကြောင့်အသက်ရှင်နေလဲဆိုတာ သိတဲ့သူက ဒူပေဒဏ်ပေခံတယ်လို့ဆိုတယ်။
ဒါကြောင့် ဘယ်အချိန်မှာ ဘယ်လိုပြန်ဖြစ်မယ်ဆိုတာထက် ဘာကြောင့် ငါတို့ တိုက်ပွဲဝင်နေလဲ ဆိုတာသိဖို့လိုတယ်။
Phyo Paing @ Derek