Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝပြောင်းလဲစေသည့် Tony Robbins ၏
အတွေးအခေါ်များ ၁၅ ခု

သင်္ကြန်လက်ဆောင်အနေနဲ့ ဒီနေ့ရေးထားတာလေး
တစ်ခုကို အားတီ၊ အားမေတို့အတွက်
မျှဝေပေးသွားပါမယ်။

ဘဝပြောင်းလဲစေသည့် Tony Robbins ၏
အတွေးအခေါ်များ ၁၅ ခု

၁။ Raise Your Standard
ကိုယ့်စံနှုန်းကိုယ်မြင့်ပါ။

လူတိုင်းမှာ ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့ စံနှုန်းတွေရှိတယ်။ တချို့လူတွေဆိုအမြဲ ငွေပျက်နေတယ်။ တချို့လူတွေက အဆင့် ၁ အမြဲရနေရမယ်ဆိုတဲ့ စံနှုန်းတွေရှိတယ်။ တချို့ကျတော့ အောင်ရင်ရပြီဆိုတဲ့ စံနှုန်း။ လူတွေ သတ်မှတ်ထားတဲ့ စံနှုန်းတွေ မတူကြဘူး။ မတူတဲ့ စံနှုန်းပေါ်မူတည်ပြီး ဘဝရလဒ်တွေ မတူကြဘူး။ ငွေကြေးအရ သတ်မှတ်ထားတဲ့ စံနှုန်း။ အချစ်ရေးအရ၊ ကျန်းမာရေးအရ သတ်မှတ်ထားတဲ့စံနှုန်းတွေ မြင့်ဖို့လိုတယ်။ ဒီနေ့ကစတင်ပြီး ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေကို မြင့်လိုက်ပါ။

၂။ Trade Your Expectation with Appreciation
မျှော်မှန်းချက်တွေကို ကျေးဇူးတင်စိတ်တွေနဲ့ အစားထိုးပါ။

လူတွေက တခြားသူဆီက ဘာရမလဲမျှော်လင့်ချက်တွေနဲ့ အသက်ရှင်တတ်ကြတယ်။ မျှော်လင့်တဲ့အတိုင်းမဖြစ်လာတဲ့အခါ နာကြင်တတ်ကြတယ်။ အဖေ၊ အမေ၊ မောင်နှမ၊ သမီးရည်းစား၊ လင်မယားပေါ်ထားတဲ့ မျှော်မှန်းချက်တွေအစား ကျေးဇူးတင်တဲ့စိတ်နဲ့ အစားထိုးကြည့်ပါ။ သူတို့ရှိတဲ့အတွက် ဘာတွေ ကျေးဇူးတင်စရာကောင်းလဲ။ ပြန်စဉ်းစားကြည့်ပါ။

၃။ Growth and Contribution
တိုးတက်မှုနဲ့ ပြန်လည်မျှဝေပေးမှုအပေါ် အာရုံစိုက်ပါ။

6 Human needs ဆိုပြီးရှိတယ်။ Tony Robbins ဖန်တီးထားတာ။ မသေချာမရေရာမှု၊ သေချာရေရာမှု၊ ချစ်ခြင်းမေတ္တာ၊ လူအသိအမှတ်ပြုခံရမှု၊ တိုးတက်မှုနဲ့ ပြန်လည်မျှဝေပေးမှု။ ဘဝမှာ အဓိပ္ပာယ်ရှိရှိဖြတ်သန်းချင်ရင် ဒီ တိုးတက်မှုနဲ့ ပြန်လည်မျှဝေပေးမှုကို အာရုံစိုက်ဖို့လိုတယ်။ လူတွေက တိုးတက်နေလေလေ ပိုပျော်လေလေဖြစ်တယ်။ တိုးတက်မှု ဆုပ်ယုတ်ရင် မပျော်ဘူး။

၄။ Pain and Pleasure Principle
နာကျင်မှုနဲ့ ပျော်ရွင်မှုဥပဒေသကို သေချာ အသုံးပြုပါ။

လူတွေဟာ နာကျင်မှုကို ရှောင်ရှားချင်ပြီး၊ ပျော်ရွင်သာယာမှုကို ရှာဖွေကြတယ်။ ကိုယ်ဖယ်ရှားချင်တဲ့ အမူအကျင့်ရှိရင် အမူအကျင့်ကို ဖယ်ရှားလိုက်ရင်ရမည့် ပျော်ရွင်မှုနဲ့ ဒီအမူအကျင့်ကို ဖယ်ရှားလိုက်ရင် မဖြစ်တော့မယ့် နာကျင်မှုကိုစဉ်းစားကြည့်ပါ။ ဒီ pain and pleasure principle ကိုသုံးပြုပြီး ကိုယ့်ဘဝရဲ့ motivation ကို စိတ်ကြိုက် ပုံဖော်နိုင်မှာဖြစ်ပါတယ်။

၅။ Habitual emotion
နေ့စဉ်ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုတွေ အာရုံစိုက်ပါ။

လူတိုင်းမှာ habitual emotion တွေရှိကြတယ်။ တချို့က အမြဲ စိတ်ညစ်နေတာမျိုး၊ စိတ်ဓာတ်ကျနေတာမျိုး၊ အမြဲအနာဂတ်ကိုစဉ်းစားရင် မှောင်မိုက်နေသလိုမျိုး ကြုံဖူးကြားဖူးကြလိမ့်မယ်။ တချို့ကျတော့ ဘဝမှာ ရင်ခုန်မှု၊ တက်ကြွမှုနဲ့ နေ့စဉ်ဖြတ်သန်းနေကြတယ်။ ကိုယ့်ရဲ့ နေ့စဉ်ခံစားနေရတဲ့ habitual emotion တွေကို သတိပြုမိဖို့လိုတယ်။

၆။ Ritual
နေ့စဉ်လုပ်ဆေောင်နေတဲ့အရာတွေအရေးကြီးတယ်။

တစ်ရက်တစ်ရက် ကိုယ့်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ 3 Most important tasks (MITs) ကိုပြောကြည့် ကိုယ့်အနာဂတ်ကို ခန့်မှန်းလို့ရနိုင်တယ်ဆိုတာမျိုးဖြစ်တယ်။ တစ်ရက်တစ်ရက် မဖြစ်ဖြစ်အောင် လုပ်တဲ့အရာတွေကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အနာဂတ်က ကွာခြားသွားနိုင်တယ်။ နေ့စဉ် အစားအသောက်ကို စနစ်တကျစားတဲ့သူ၊ နေ့စဉ် gym လေ့ကျင့်ခန်းလုပ်တဲ့သူက သူ့ရဲ့ နေ့စဉ်လုပ်ဆောင်မှု ritual ဟာ ခန္ဓာကိုယ်ပေါ်မှာ ပေါ်တာတွေ့ရပါလိမ့်မယ်။

၇။ Live with Passion
ချစ်မြတ်နိုးတက်ကြွမှုနဲ့ နေထိုင်ပါ။

ဘဝကို စိတ်မပါ၊ လက်မပါ မဖြတ်သန်းလိုက်ပါနဲ့။ ဘဝကို life juice တွေနဲ့ ရင်ခုန်မှုရှိစွာ အချိန်တိုင်းကို ဖြတ်သန်းပါ။ ဘဝမှာ စိတ်ဝင်စားစရာတွေများကြီးရှိတယ်။ ချစ်မြတ်နိုးတဲ့မျက်လုံးနဲ့ လောကကြီးကိုကြည့်ကြည့်ပါ။ ဘဝကို တက်တက်ကြွကြွနဲ့ အချိန်တိုင်းကို ဖြတ်သန်းကြည့်ပါ။ ဘဝကြီး ပိုမိုက်လာလိမ့်မယ်။

၈။ Don’t major in minor things
အရေးမပါတာတွေကို အရာမပေးပါနဲ့။

လူတွေ တိုင်ပတ်တယ်ဆိုတာ အရေးမပါတဲ့အရာတွေမှာ အချိန်တွေကုန်နေပြီး၊ အရေးကြီးတဲ့အရာတွေကို အချိန်မပေးဖြစ်ကြလို့ဖြစ်တယ်။ ကိုယ့်ဘဝရဲ့ အရေးပါတဲ့အရာတွေကို စတင်စဉ်းစားကြည့်ပါ။ စတင်ပြီး အရေးပါတဲ့အရာတွေကို အရာပေးကြည့်ပါ။

၉။ Success leaves clues
အောင်မြင်တဲ့သူတွေက ခြေရာတွေချန်ခဲ့တယ်။

အောင်မြင်ဖို့အတွက် အသစ်ပြန်လည်တီထွင်စရာမလိုပါဘူး။ ကားတစ်စီးတည်ဆောက်ဖို့ ဘီးဘယ်နှစ်ဘီးထည့်စရာလိုမလဲ ပြန်လည်စဉ်းစားနေစရာမလိုပါဘူး။ You don’t have to reinvent the wheel ပါ။ အကောင်းဆုံးနည်းလမ်းတစ်ခုက ကိုယ်လိုချင်တဲ့အရာ၊ ရလဒ်ကို ဘယ်သူဆွတ်ခူးခဲ့ပြီးဖြစ်သလဲ။ သူဘယ််လိုစဉ်းစားလဲ။ ဘယ်လိုတွေးသလဲ။ ဘာတွေကို ယုံကြည်သလဲ။ ကိုယ်ဘယ်လိုလုပ်မလဲ။ ပြန်လည်စဉ်းစားဖို့လိုပါတယ်။ ဒါကို modeling လို့ခေါ်ပါတယ်။

၁၀။ Success cycle

ယုံကြည်မှုကောင်းတဲ့အခါ၊ လုပ်နိုင်စွမ်းတိုးတက်လာတယ်။ လုပ်နိုင်စွမ်းတိုးတက်ပြီး တကယ်လုပ်ရင် ရလဒ်ရတယ်။ ရလဒ်ရတဲ့အခါ ယုံကြည်မှုပို ခိုင်မာလာတယ်။ အရေးကြီးတာ လုပ်သာလုပ်လိုက်ပါ။ Your personal power is ability to take action တဲ့။ လူတစ်ယောက်မှာရှိတဲ့ ပါဝါက လုပ်ရပ်တစ်ခုကို လုပ်ဆောင်နိုင်စွမ်းဖြစ်ပါတယ်တဲ့။

၁၁။ Focus
အာရုံစိုက်မှု အရေးကြီးတယ်။

The power of focus ကို လျော့မတွက်ပါနဲ့။ Focus – Meaning – Action ဆိုတာရှိပါတယ်။ NLP (Neuro-linguistic Programming) မှာ သင်ကြားမှုတစ်ခုရှိတယ်။ တစ်စက္ကန့်မှာ ၂ သန်းကျော် bits အတွင်း လူ့ဦးနှောက်က 134 bits ပဲ အာရုံစိုက်နိုင်တယ်။ ပါတီတစ်ခုသွားတဲ့အခါ တချို့ဝိုင်းမှာ စကားများနေတာရှိကောင်းရှိမယ်။ တချို့ဝိုင်းတွေက စကားကောင်းနေတာရှိမယ်။ ကိုယ်က ဘာကို အာရုံစိုက်လဲပေါ်မူတည်ပြီး စိတ်ခံစားမှုကလဲ မတူတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အာရုံစိုက်မှုပေါ်မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမှု မတူဘူး။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်မူတည်ပြီး လုပ်ရပ်တွေကွာသွားတယ်။

၁၂။ Energy
စွမ်းအင်

အောင်မြင်တဲ့ သူနဲ့ မအောင်မြင်တဲ့သူတွေကြား ကွာခြားချက်ကြီးတစ်ခုကတော့ စွမ်းအင်ပဲဖြစ်တယ်။ ဒီ Energy ကို သေချာ စီမံခန့်ခွဲနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ အစားအသောက်၊ လေ့ကျင့်ခန်းအရေးကြီးတယ်။

၁၃။ Communication
အပြင်ပိုင်းနဲ့ အတွင်းပိုင်း ဆက်သွယ်ရေး

လူတွေက ကိုယ့်ကိုကိုယ် (internal communication) ဆက်သွယ်မှုနဲ့ တခြားသူတွေနဲ့ ဆက်သွယ်မှု (external communication) လုပ်နေကြရတယ်။ ကိုယ်လိုချင်တဲ့ ပုံစံကိုယ့်ကိုကိုယ် မဆက်သွယ်နိုင်ရင် ကိုယ့်ကိုကိုယ် စီမံခန့်ခွဲမှုလုပ်ရခက်နိုင်တယ်။ အများနဲ့ ဆက်ဆံရေးအဆင်မပြေရင် ကိုယ်လိုချင်တဲ့ message ကို တခြားသူတွေကိုပေးဖို့ အခက်အခဲဖြစ်နိုင်ပါတယ်။

၁၄။ The Past is not Equal the Future
အတိတ်နဲ့ အနာဂတ်နဲ့ မတူဘူး

အတိတ်မှာ ဘာဖြစ်ခဲ့ဖြစ်ခဲ့ အနာဂတ်ကို အသစ်တည်ဆောက်လို့ရတယ်။

၁၅။ Questions are the answers
မေးခွန်းတွေက အဖြေပဲ

ငါဘာကြောင့်ဆင်းရဲနေလဲနဲ့။ ငါ ဘယ်လိုချမ်းသာအောင်လုပ်ရမလဲ။ မေးခွန်းမတူရင် အဖြေမတူဘူး။ ကိုယ့်ကိုကိုယ်မေးနေတဲ့ မေးခွန်းတွေကို ဂရုပြုရမယ်။

Phyo Paing @ Derek

Share Your Idea!​