ဘဝမှာ အရေးကြီးဆုံးက
ဘဝရဲ့ အရည်အသွေး။
Quality of Life.
အသက်ရှင်ပြီး
အသက်ဝင်ဖို့ အရေးကြီးတယ်။
အသက် ၁၇ မှာ
ဆေးကျောင်းပထမနှစ်စတက်တယ်။ (၂၀၀၆ ဂျန်)
အသက် ၂၃ နှစ်လောက်မှ
ကျောင်းပြီးတယ်။ (၂၀၁၂ ဂျန်)
အသက် ၂၇ လောက်မှာ
ကိုယ်အသက်မွေးမည့်အလုပ်မှာ
နေရာတစ်ခုစရလာတယ်။ (၂၀၁၆ ဂျန်)
အသက် ၃၁ မှာ
ကိုယ့်ဘဝသွားနေတဲ့လားရာကို
စိတ်တိုင်းလုံးဝမကျလို့
အသစ်က ပြန်လည်စတင်တယ်။ (၂၀၂၀ ဂျန်)
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားကာလက
“ဘဝ” ပဲ။
ဘဝဆိုတာ “ရှင်သန်ခြင်း” ပဲ။
“ရှင်” ဆိုတဲ့ survive ပါတယ်။
“သန်”ဆိုတဲ့ သန်မာတဲ့ thrive ပါတယ်။
ကိုယ့်ရှင်သန်မှုကို ဘယ်လိုပျိုးထောင်မလဲ
စဥ်းစားကြည့်တယ်။
ဘယ်လို မရှင်သန်ဖူးလဲစဥ်းစားကြည့်တယ်။
ဘဝမှာ အသက်ရှင်ပြီး
အသက်ဝင်ချင်တယ်။
နေ့စဥ်ဘဝအရည်အသွေးကို
ထိခိုက်စေတဲ့ အလုပ်တွေလုပ်ပြီး
မရှင်သန်ချင်ဘူး။
ကိုယ့်အတွက် အရေးမပါတဲ့အရာတွေကို
အရာပေးပြီး ဘဝကို မဖြတ်သန်းချင်ဘူး။
ရှင်ပြီး မသန်နေတဲ့
အသက်ရှင်ပြီး အသက်မဝင်နေတဲ့
ကျန်းမာကြံ့ခိုင်ရေး၊
အလုပ်စီးပွား၊ ငွေကြေးဥစ္စာ၊
အချစ်၊ အိမ်ထောင်၊ မိသားစုရေး
တိုးတက်ကြီးပွားရေးတွေမလိုချင်ဘူး။
ဘဝမှာ ဘယ်လိုပြင်ပေးပေး
ပြင်ပေးလို့မရတဲ့
ကိုယ်နဲ့အရင်းနီးဆုံးလူတွေကို
ထားခဲ့လိုက်တယ်။
မပြင်ချင်တဲ့လူကို ပြင်ပေးလို့မရဘူးဆိုတဲ့
သင်ခန်းစာကောင်းကောင်းတစ်ခုရခဲ့တယ်။
ဒါကြောင့် ဘယ်သူ့ကိုမှ
သူ့စိတ်ဆန္ဒမပါဘဲ ပြင်ပေးဖို့မကြိုးစားတော့ဘူး။
နောက်တစ်ခုက ကိုယ့်ကိုတန်ဖိုးမထားတဲ့
လူတွေအသိုင်းအဝိုင်းကြားမှာ
အသက်မရှင်ဖို့စဥ်းစားတယ်။
ရက်ပေါင်း ၃ သောင်း (အသက် ၈၂ နှစ်ကျော်)သာ
နေရမယ်ဆိုရင်
သံသရာတစ်ကွေ့ ဒီတစ်နေ့ကို
အသက်ရှင်ပြီး အသက်ဝင်ချင်တယ်။
ငယ်ငယ်က အောင်မြင်မှုရဲ့
အဓိပ္ပာယ်ဖွင့်ဆိုမှုက
တရုတ်ဆန်တယ်။
ချမ်းသာလေလေ အောင်မြင်လေလေ။
မိသားစု အသိုင်းအဝိုင်းတောင့်လေ
အောင်မြင်လေလေ။
အဲ့ဒါက အရေးကြီးတာမှန်တယ်။
အဲ့ထက်အရေးကြီးတဲ့
အောင်မြင်မှုတစ်ခုကို
နောက်ပိုင်းမှာ တဖြေးဖြေးတွေ့ရှိလာတယ်။
ဒါကတော့ နေ့စဥ်အောင်မြင်မှုဆိုတာ
“အသက်ရှင်ပြီး အသက်ဝင်နေတဲ့ဘဝ”ပဲ။
ဘဝမှာ ဘေးမချော်ဖို့ ဘောင်ဆိုတာရှိတယ်။
ဒါကို လူ့ဘောင်လို့ခေါ်တယ်။
ဒီဘောင်တွေကို အကာအကွယ်ပေးသလို
အတားအဆီးလဲဖြစ်စေတယ်။
တရုတ်မှာဆိုလဲ တရုတ်အယူအဆ၊
မြန်မာမှာဆိုလဲ မြန်မာအယူအဆ၊
အနောက်တိုင်းမှာလဲ အနောက်တိုင်းအယူအဆ၊
ဒီအယူအဆတွေနဲ့ ဘောင်တွေရှိတယ်။
တခါတလေ ဒီအယူအဆတွေက
ယုံကြည်မှုတွေ၊ ထုံးတမ်းစဥ်လာတွေဖြစ်လာတယ်။
ဒီအရာတွေက လှုံခြုံမှုကိုပေးတယ်။
လွတ်လပ်မှုကို မပေးဘူး။
ဒီအရာတွေက အသက်ရှင်မှုကို
အားပေးတဲ့နေရာမှာ
အထူးအသုံးဝင်တယ်။
အသက်ဝင်မှုကို အားပေးတဲ့နေရာမှာတော့
အကန့်အသက်တွေ အများကြီးရှိတယ်။
ကျွန်တော့်ဘဝရဲ့ နေ့စဥ်ပန်းတိုင်က
အရမ်းရိုးရှင်းပါတယ်။
သံသရာတစ်ကွေ့ ဒီတစ်နေ့မှာ
“အသက်ရှင်ပြီး အသက်ဝင်နေဖို့လိုတယ်။”
Phyo Paing @ Derek