တခါတလေ ငါကတော့ ဒီအလုပ်လေးပြီးပြီ
ပျော်မယ်ဆိုပြီးစဥ်းစားတဲ့အခါ
ကိုယ့်ဘေးနားကလူတွေက ထဖောက်တာမျိုး
ကျွန်တော်တို့ တခါမဟုတ်တခါ ကြုံဖူးတတ်ကြတယ်။
လူတွေက အနာဂတ်ကိုစဥ်းစားတဲ့အခါ
အဖြစ်အပျက်တွေကို စဥ်းစားတာမှန်နိုင်ပေမယ့်
အနာဂတ်မှာ ဘယ်လိုခံစားနေရမယ်ကို
စဥ်းစားတဲ့အခါ တက်တက်စင်လွဲတတ်တယ်တဲ့။
ဒါကတော့ Harvard Professor ဖြစ်တဲ့
Stumbling on Happiness စာအုပ်ရေးတဲ့
စာရေးဆရာ Daniel Gilbert ရေးထားတာလေး။
မပျော်တာဘယ်လောက်ကြာပြီလဲ။
ဒီမေးခွန်းပြန်မေးကြည့်တဲ့အခါ
တချို့တွေက အမြဲပျော်နေတာ
တွေ့လိမ့်မယ်။
တချို့ကျတော့လဲ တချို့အချိန်တွေ
ပျော်တယ်။
တချို့ကျတော့ အချိန်တော်တော်များများ
ဘူနေတတ်ကြတယ်။
ပျော်ရွင်မှုဆိုတာ စိတ်ကျန်းမာ
ကိုယ်ချမ်းသာပြီး စိတ်နဲ့ကိုယ်
တစ်သားတည်းကျနေတာလို့
အဓိပ္ပာယ်ဖွင့်လို့ရတယ်။
ပျော်ရွင်ခြင်းက
ရောင့်ရဲခြင်းကလဲလာတယ်။
တချို့သိပ္ပံပညာရှင်တွေက
ပျော်ရွင်ခြင်းဆိုတာ ဂျင်း gene ကြောင့်
တချို့သူတွေကအမြဲ ကိုယ့်မှာရှိတာနဲ့
အမြဲရောင့်ရဲ့ပျော်တတ်ကြတယ်။
ပျော်ရွင်ခြင်းက ဘဝပေးအခြေအနေမှာ
ကိုယ့်ဘဝ ကိုယ်ကျေနပ်တာကလဲလာတယ်။
နောက် အပေါင်းအသင်းကြောင့်လဲလာသလို၊
မိသားစု၊ အချစ် relationship ကလဲလာတယ်။
ပျော်ရွင်ခြင်းက အပြင်ပိုင်းရုပ်ဝတ္ထုတွေနဲ့
ဆက်စပ်နေတာများတယ်။
Joy ပီတိဖြစ်ခြင်းက
ပျော်ရွင်ခြင်းတစ်မျိုးပဲ။
ဒါပေမယ့်သူက အပေါ်ယံပကာသနတွေ၊
အခြေအနေနဲ့သိပ်မဆိုင်ဘူး။
Joy ဆိုတာ ဘဝနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုမှာ
ပြီးပြည့်စုံတဲ့ဆိုတဲ့စိတ်၊
ကျေးဇူးတင်စိတ်နဲ့နေတာ၊
စိတ်ငြိမ်းချမ်းမှုဖြစ်တယ်။
အပေါ်ယံပကာသနတွေပေါ်မှာ မမူတည်တဲ့အတွက်
ကြာရှည်ခံတယ်။
Happiness ပျော်ရွင်မှုဆိုတာ အခက်အခဲကာလမှာ
ပျောက်သွားတတ်တယ်။
Joy ပီတိကတော့
အခက်အခဲကာလမှာလဲ ဘဝရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်
တွေကြောင့် တာရှည်ခံတယ်။
ပျော်ရွင်မှုဆိုတာ အလည်အလတ်
ကောင်းမွန်တဲ့စိတ်ခံစားချက်ဖြစ်ပြီး
ဝမ်းမြောက်ဝမ်းသာပြုခြင်းက
ပြင်းထန်တဲ့စိတ်ခံစားမှုဖြစ်တယ်။
ဥပမာ ကိုယ့်သားသမီး ကျောင်းမှာ
ပထမရတဲ့အတွက် “ပျော်”တယ်။
ကိုယ့်သားသမီးလေး လူ့လောကထဲ
ရောက်လာတဲ့အတွက်
သူတို့ကို စဥ်းစားမလိုက်တိုင်း
“ဝမ်းသာပီတိ”ဖြစ်မိတယ်။
ငယ်ငယ်ကဆို ငါ့ဘဝ ငယ်ငယ်တည်းက
ပျော်ရတဲ့အချိန်ဆိုတာ သိပ်မရှိပါဘူးဆိုပြီး
ကိုယ့်ကိုကိုယ် စကားတွေပြောခဲ့ဖူးတယ်။
အသက်အရွယ်လေးရလာတော့
“ပျော်ရွင်မှု” ကို နောက်ဆုံးရည်မှန်းချက်ပန်းတိုင်
အဖြစ်မထားတော့ဘူး။
သူ့နောက်မလိုက်တော့ဘူး။
“ဝမ်းသာပီတိ”ဖြစ်ဖို့ပဲ ကြိုးစားအားထုတ်တော့တယ်။
ကိုယ့်နှလုံးသားအသံကိုနားထောင်ပြီး
နှလုံးသားနဲ့ထပ်တူကျတဲ့အလုပ်တွေ
နေ့စဥ်လုပ်နေရရင် ဝမ်းသာပီတိဖြစ်တယ်။
ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့
လုပ်ရမည့် စည်းကမ်းတွေ ပြီးမြောက်သွားရင်
ဝမ်းသာပီတိဖြစ်တယ်။
တစ်နေ့တစ်နေ့ ကိုယ့်ကြောင့်
လူတွေတစ်ခုခု အကျိုးရှိသွားရင်
ဝမ်းသာပီတိဖြစ်ရတယ်။
ကိုယ့်လိုချင်တဲ့ အိမ်၊ ကား၊
အချစ်ရေးတွေရတာ ပျော်စရာဖြစ်ပြီး
လောကမှာ ပျော်ရွင်မှုရဲ့
ရေချိန်က ကြာလေမြင့်လေဖြစ်သွားတတ်တယ်။
ဒါကြောင့် ပျော်ရွင်မှုအစား
နှလုံးသားထဲကလာတဲ့ ဝမ်းသာပီတိဖြစ်ဖို့ပဲ
အားထုတ်ဖို့ ဆုံးဖြတ်ထားတာ
အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်နိုင်တယ်။
ကိုယ့်ရဲ့ ကျန်းမာရေး၊ ဥာဏရေးရာ၊
အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ကျွမ်းကျင်ရေးဆိုင်ရာ၊
လူမှုရေးဆိုင်ရာမှာ “တိုးတက်”အောင်
အားထုတ်ခြင်းကလဲ “ဝမ်းသာပီတိ” လာနိုင်တယ်။
သူက အပြင်ရလဒ် “result” တွေရမှ
ပျော်တာမဟုတ်ပဲ
လုပ်ရပ် “activities” တွေလုပ်ပြီးတိုင်း
ပီတိဖြစ်နေတာမျိုး။
ဒါကြောင့် ဘဝမှာ တခါတလေ
ပျော်ရွင်ခြင်းထက် ဝမ်းသာပီတိဖြစ်ဖို့
ကိုယ့်နှလုံးအသံကိုပြန်နားထောင်ပြီး
ကျေးဇူးတင်စိတ်နဲ့နေဖို့လိုတယ်။
လူတွေကို အကျိုးပြုတဲ့အရာတွေ
နေ့စဥ်ဖန်တီးလုပ်ဆောင်နေခြင်းကနေ
ဝမ်းသာပီတိဖြစ်လာတယ်။
Phyo Paing @ Derek