အကြွေးနွံထဲကနေအမြန်ဆုံးရုန်းထွက်နိုင်မဲ့ နည်းလမ်း ၁၀ ခု
Writer -U Sithu Tun
ကျွန်တော်ကိုယ်တိုင်ဟာလဲ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးခဲ့တဲ့အခါတုန်းက အကြွေးတွေ နဲ့ ၅ နှစ်ကျော်လောက် ကျင်လည်ခဲ့ရတာပါ။အကြွေးက တစ်ယောက်ထဲဆီက ယူတာမဟုတ်တဲ့အပြင် အတိုးတွေပါ ဆပ်ခဲ့ရတယ်ဆိုပါတော့ ။အကြွေးတွေကြောင့်လဲ စိတ်ညစ်ခဲ့ရဖူးပါတယ်။အိပ်မပျော်တဲ့ညတွေကလဲ ခဏခဏပါပဲ။အတိုးတွေကို တစ်ယောက်ထဲဆပ်ပြီး ရုန်းကန်ခဲ့ရတာပေါ့။ နောက်ဆုံးတော့ အကြွေးနွံထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေ နဲ့ အခြေခံပြီးရေးသားလိုက်ပါတယ်။
စိတ်ဓာတ်မကျပါနဲ့။
အကြွေးတွေ နဲ့ စိတ်ညစ်မခံပါနဲ့ ။
အကြွေးနဲ့ပတ်သက်ပြီး စိတ်ညစ်နေရရင် ဒီနည်းလမ်းတွေသုံးကြည့်ပါ။
၁.အတိုးအများဆုံးပေးနေရတဲ့ အကြွေးကို အရင်ဆုံးဆပ်ပါ။
တချို့အကြွေးတွေဟာ အတိုးများလှပါတယ်။
တချို့ကျတော့လဲ အပေါင်နဲ့ယူထားတော့အတိုးနည်းတာပေါ့။ အကြမ်းဖျင်း တစ်လကို ၁၀%(၁၀ကျပ်တိုး) နဲ့ အထက်ပေးနေရ ရင် အတိုးများတယ်လို့ ယူဆနိုင်ပါတယ်။ သဘောက ၁၀သိန်းချေးထားရင် အတိုးက တစ်လကို ၁ သိန်းဆိုတဲ့သဘောပဲ။ ဒီတော့ အကြွေးတွေက များနေရင် တစ်ခုချင်းဆီကို ခွဲထုတ်ပါ။ ပြီးရင် အတိုးအများဆုံးအကြွေးက စပြီး ကျေအောင်ဆပ်ပါ။
အတိုးပေးရတာသက်သာသွားပါလိမ့်မယ်။ ဒါဆိုအတိုးပေးနေရတဲ့ ငွေဟာလဲ ငွေပိုငွေလျှံထွက်လာပါလိမ့်မယ်။
၂. တစ်ခုချင်းရှင်းထုတ်ပါ။
ဟိုလူ့ကိုလဲ ပေးစရာရှိတယ်။ ဒီလူ့ကိုလဲပေးစရာရှိတယ် ။ဟိုမှာလဲ အကြွေး ၊ ဒီမှာလဲအကြွေး နဲ့ ဗျာများနေတတ်ပါတယ်။ ပေးစရာလူတွေများနေတာနဲ့ပဲ ဘယ်သူ့ကိုစဆပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ ဒီတော့ စာရင်းစာအုပ်နဲ့တကွ သေချာ တစ်ခုချင်းမှတ်သားပါ။ပြီးရင်တစ်ခုချင်းအလိုက်သေချာ ခွဲထုတ်ပါ။စိတ်ပင်ပန်းစေတဲ့အကြွေးကိုဦးစားပေးဆပ်ပါ။
၃.ရောင်းစရာရှိတာရောင်းလိုက်ပါ။
ဒီနည်းလမ်းလဲသုံးသင့်ပါတယ်။ မဖြစ်မနေအသုံးလိုတဲ့ပစ္စည်းတွေတော့မရောင်းပါနဲ့။ မရှိလဲဖြစ်တဲ့ပစ္စည်းတွေ ၊ အသုံးမလိုတာတွေကို ရောင်းထုတ်ပါ။
၄.ရင်းနှီးသူများ ထံ ငွေချေးကြည့်ပါ။
ကိုယ့်အသိမိတ်ဆွေ အရင်းတွေထံကချေးကြည့်ပါ။ မိဘ၊ ဆွေမျိုးတွေက ရနိုင်ရင်လဲချေးကြည့်ပါ။ အကြွေးဆပ်ဖို့ အကြွေးထက်ချေးနေရတယ်ဆိုတာတော့သိပ်မကောင်းလှပါဘူး။ သို့ပေမဲ့ ရင်းနှီးသူတွေဆီက ငွေယူတဲ့အခါ အတိုးပေးရရင်တောင်အခြားသူတွေကိုပေးရတဲ့အတိုးထက် နည်းနေပါလိမ့်မယ်။ နောက်ဆုံးမတက်သာတဲ့အဆုံးဒီနည်းလမ်းကိုသုံးပါ။
၅.အသုံးစားရိတ်ကို ပြန်သုံးသပ်ပါ။ နောက်ပြီး လျှော့ချပါ။
အသုံးစားရိတ်လျှော့ချလိုက်ရင်ငွေပိုငွေလျှံထွက်လာပါလိမ့်မယ်။
အသုံးစားရိတ်ကတော့ အကြွေးမရှိရင်တောင်မဖြစ်မနေ သုံးသပ်နေရမှာပါ။ ဒီနည်းကတော့ လုံးဝလုပ်သင့်တဲ့နည်းပါ။ အပြင်စာ စားနေရင် မစားပါနဲ့ ချက်စားပါ။ အဝတ်အစားမလိုတာတွေမဝယ်ပါနဲ့အုန်း။ အပျော်အပါးအတွက် သံူးနေရင်လဲ လျှော့ပါ။ ဖုန်းbill က အစချွေတာပါ။ဥပမာ အိမ်မှာ Internet ကို ဖုန်းbill နဲ့သုံးနေတဲ့သူ ၅ ယောက်ရှိရင် Wifi တပ်လိုက်တာက ပိုသက်သာစေပါတယ်။ဒါကြောင့် အကြွေးတွေကိုဆပ်နေ ရချိန်မှာ အသုံးစားရိတ်ကိုချွေတာတဲ့နည်းနဲ့ အကြွေးဆပ်တာဟာ လုပ်ကိုလုပ်ရမဲ့နည်းပါ။
၆. စိတ်အပင်ပန်းရဆုံးအကြွေးကို အရင်ဆပ်ပါ။
တချို့အကြွေးတွေဟာ စိတ်ပင်ပန်းရပါတယ်။အတိုးများချင်မှတော့များလိမ့်မယ်။သို့သော် ကိုယ့်အတွက် Pressure ဖြစ်ရင် အဲ့လိုအကြွေးမျိုးကိုဦးစားပေးဆပ်ပါ။ အကြွေးတွေနဲ့စိတ်ပင်ပန်းနေရင် လူတစ်ယောက်ကို ခဲ ဆွဲပြီးပြေးခိုင်းသလိုပါပဲ။ အရမ်းလေးနေပြီး ရှေ့မရောက်ပဲဖြစ်တတ်ပါတယ်။
၇. ညှိနှိုင်းလို့ရရင် ညှိနှိုင်းပါ။
ညှိနှိုင်းကြည့်ပါ။ အတိုးကိုလျှော်ပေးလို့ ရနိုင်မလား။အတိုးလုံးဝမပေးပဲ ငွေရင်းပဲဆပ်မယ်ဆို ရင်အဆင်ပြေနိုင်မလား။ စသဖြင့် ညိှကြည့်ပါ။
အတိုးလျော့သွားရင်လဲ ကောင်းတာပဲမဟုတ်လား။
၈.မိသားစုနှင့်အတူ ဆပ်သင့်ရင်ဆပ်ပါ။
ကိုယ်က အကြွေးအရမ်းပိနေတဲ့အခါ မိသားစုကိုရင်ဖွင့်ကြည့်ပါ။လူတိုင်းတော့ဒီနည်းဟာ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ တချို့မိသားစုတွေဟာ အခန့်မသင့်ရင် ပြန်ဆဲခံရနိုင်လို့ပါ။
ကိုယ့်ကိုနားလည်ပေးပြီး ကူညီတဲ့လူရှိရင်တော့အကောင်းဆုံးပါ။ကိုယ့်ကိုချစ်တဲ့သူတွေဟာ ကိုယ်ဒုက္ခရောက်နေရင် မကူညီပဲ နေနိုင်ပါ့မလား ?။ ဒီနည်းကတော့ ချင့်ချိန်ပြီးသာ သံူးပါ။
၉.ပေါင်စရာရှိရင်ပေါင်လိုက်ပါ။
အကယ်၍ ကိုယ့်မှာ မရောင်းချင်ပေမဲ့ အပေါင်ထားလို့ရနိုင်မဲ့ပစ္စည်းရှိရင်အပေါင်ထားလိုက်ပါ။
ဥပမာ ရွှေ လိုပစ္စည်းမျိုးကိုပေါင်ရင် အတိုးက ၂% ၃%(၂ကျပ်တိုး ၃ ကျပ်တိုး) လောက်ပဲပေးရတာပါ။ကိုယ်ချေးထားတဲ့အကြွေးဟာ ၈% (၈ကျပ်တိုး) ဖြစ်နေရင် အတိုးပေးနေရတာဟာ ၅% သက်သာသွားပါလိမ့်မယ်။
၁၀. ဝင်ငွေတိုးအောင်ကြိုးစားပါ။
ဒါကတော့အကောင်းဆုံးနည်းပါ။ ကျွန်တော်ကိုယ်တိုင်အကြွေးတွေဆပ်ခဲ့တဲ့နေရာမှာ ဒီနည်းကိုအများဆုံးအသုံးချခဲ့ရတာပါ။ ဝင်ငွေများရင်များသလို အကြွေးမြန်မြန်ကျေပါတယ်။ ဝင်ငွေလမ်းကြောင်းတွေပိုချဲ့ထွင်ပါ။
ဒီမှာလဲ အပိုဝင်ငွေရှာဖို့အတွက် နည်းလမ်းတွေရေးထားပေးပါတယ်။
၁၁.ပြေးသင့်ရင် ပြေးပါ။
အလကားနောက်တာပါ အဲ့လိုမလုပ်ရပါဘူး။
နာမည်မပျက်ပါစေနဲ့ ။ နာမည်ပျက်ရင် ဘယ်သူမှမယုံကြည်တော့ပါဘူး။ ဘဝမှာအကြွေးများတာရှက်စရာမဟုတ်ပါဘူး။ အကြွေးမဆပ်တာဟာ ရှက်စရာပါ။အကြွေးဆိုရာမှာလဲ အကြွေးကောင်းနဲ့အကြွေးဆိုး ရှိတယ်မဟုတ်လား။
အကြွေးကြောင့် ဘဝ မပျက်ပါစေနဲ့။
အကြွေးကြောင့်ကောင်းသတင်းသာ တတ်လာပါစေ။
#Akyanpay