ကိလေသာက လောင်စာဆီပဲ။
ကိလေသာဆယ်ပါးကြောင့်
ကမ္မဝဋ်ဖြစ်တယ်။
ကမ္မဝဋ်ကြောင့်
ခန္ဓာဝဋ် ဖြစ်တယ်။
လည်ပတ်နေတဲ့စက်ဝန်း
(သံသရာစက်ဝန်း) ကို
ဝဋ် ခေါ်ပါတယ်။
လူတွေရဲ့စိတ်ထဲမှာ ရှိနေတဲ့
ညစ်ညမ်းမှု၊ ရမ္မက်၊ လောဘ၊
ဒေါသ၊ မောဟ စတဲ့ အညစ်အကြေးတွေကို
ကိလေသာလို့ခေါ်တယ်။
ဒီကိလေသာကြောင့်
သံသရာလည်စေတဲ့
ကံစက်ဝန်းကို
ကမ္မဝဋ်လို့ခေါ်တယ်။
ကုသိုလ်၊ အကုသိုလ်နဲ့ စျာန်သုံးပါးနဲ့
လည်ပတ်နေတယ်။
အမြင်၊ အကြား၊ အရသာ၊
အထိအတွေ့၊ သိမှု၊
ခံစားမှုတွေပါဝင်တဲ့
ဖြစ်လိုက်၊ ပျက်လိုက်၊
မတည်မြဲပဲ တချိန်ပုပ်ပွမည့်ခန္ဓာကြီးရှိနေတာ
ခန္ဓာဝဋ်ပါပဲ။
ဒီလို ဒစ်လည်နေတာကို
ဖြတ်ဖို့အတွက် ကိလေသာမီးငြိမ်းဖို့
ကြိုးစားအားထုတ်ကြဖို့
ဗုဒ္ဓက ဆုံးမခဲ့တယ်။
ကမ္ဘာပေါ်မှာ စေတီပုထိုးအများဆုံးတည်ပြီး
တလွဲအလုပ်ဆုံးနိုင်ငံပြပါဆို
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမှာပဲဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့
ကိုးကွယ်မှုအသားပေးပြီး
ကျင့်သုံးမှု အားနည်း လို့ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဆိုတာ Secular practice
ကျင့်သုံးမှုအသားပေးအဆုံးအမဖြစ်ပါတယ်။
ကိလေသာမီးငြိမ်းဖို့
ကိလေသာမီးဆယ်ပါးကိုသိဖို့လိုတယ်။
၁။ လောဘ – အရာဝတ္ထုများကို စွဲလမ်းတပ်မက်ခြင်းဖြစ်ပါတယ်။ ပိုင်ဆိုင်မှု၊ ရာထူး၊ ဂုဏ်သိက္ခာ စတာတွေအပေါ် တွယ်တာစွဲလမ်းခြင်းပါ။ လောဘကြောင့် လူတွေဟာ မရိုးသားတဲ့နည်းတွေနဲ့ ဥစ္စာရှာတတ်ကြပါတယ်။
၂။ ဒေါသ – စိတ်ဆိုးခြင်း၊ ပူဆွေးခြင်း၊ စိတ်ညစ်ခြင်း၊ မနာလိုခြင်းတွေ ပါဝင်ပါတယ်။ ဒေါသကြောင့် လူတွေဟာ ရန်ဖြစ်ခြင်း၊ သတ်ဖြတ်ခြင်းတွေ ပြုလုပ်တတ်ကြပါတယ်။
၃။ မောဟ – အမှန်တရားကို မသိနားမလည်ခြင်းဖြစ်ပါတယ်။ သစ္စာလေးပါး၊ ကံ-ကံ၏အကျိုးတရား စတာတွေကို မသိခြင်းကြောင့် မှားယွင်းတဲ့လုပ်ရပ်တွေကို ကျူးလွန်တတ်ပါတယ်။
၄။ မာန – မိမိကိုယ်ကို အထင်ကြီးခြင်း၊ သူတစ်ပါးကို အထင်သေးခြင်းဖြစ်ပါတယ်။ ပညာ၊ ဥစ္စာ၊ အဆင်းစတဲ့ အကြောင်းပြချက်တွေကြောင့် ထောင်လွှားမာနကြီးတတ်ပါတယ်။
၅။ ဒိဋ္ဌိ – မှားယွင်းသောအယူအဆများဖြစ်ပါတယ်။ ကံ-ကံ၏အကျိုးမရှိဟု ယူဆခြင်း၊ ဘုရား တရား သံဃာကို မယုံကြည်ခြင်းတို့ ပါဝင်ပါတယ်။
၆။ ဝိစိကိစ္ဆာ – သံသယဖြစ်ခြင်း၊ ယုံမှားခြင်းဖြစ်ပါတယ်။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ တို့အပေါ် သံသယဖြစ်ခြင်း၊ သစ္စာလေးပါးအပေါ် ယုံမှားခြင်းတို့ ပါဝင်ပါတယ်။
၇။ ထိန – စိတ်ထိုင်းမှိုင်းခြင်း၊ ကုသိုလ်ကောင်းမှုပြုရန် ပျင်းရိခြင်းဖြစ်ပါတယ်။ တရားအားထုတ်ရန်၊ ကုသိုလ်ပြုရန် စိတ်မပါခြင်းတွေ ဖြစ်ပါတယ်။
၈။ ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်းဖြစ်ပါတယ်။ တရားထိုင်တဲ့အခါ အာရုံတစ်ခုတည်းပေါ်မှာ စိတ်မတည်နိုင်ခြင်းမျိုးဖြစ်ပါတယ်။
၉။ အဟိရိက – မကောင်းမှုပြုရန် မရှက်ခြင်းဖြစ်ပါတယ်။ အပြစ်ကို အပြစ်မှန်းသိလျက်နဲ့ မရှက်မကြောက်ဘဲ ကျူးလွန်တတ်ခြင်းပါ။
၁၀။ အနောတ္တပ္ပ – မကောင်းမှုပြုရန် မကြောက်ခြင်းဖြစ်ပါတယ်။ မကောင်းမှုပြုခြင်းကြောင့် ရလာမယ့် အကျိုးဆက်ကို မကြောက်ရွံ့ခြင်းပါ။
ဒီဆယ်ပါးကို နည်းအောင်ကျင့်ကြံရမှာဖြစ်ပြီး
ရဟန်းသာဖြစ်မှ တရားကျင့်မှပျောက်မည့်
ကိလေသာတွေကတော့
အနုသယ ၇ ပါး
(စိတ်အစဉ်မှာ အိပ်ယာဝင်နေတဲ့ ကိလေသာများ) ဖြစ်ပါတယ်။
၁။ ကာမရာဂါနုသယ
ကာမဂုဏ်အာရုံတွေအပေါ် တပ်မက်မှု အစွဲ
ဒီကိလေသာက မျက်စိနဲ့မြင်တဲ့အခါ၊
နားနဲ့ကြားတဲ့အခါ၊
နှာခေါင်းနဲ့နမ်းတဲ့အခါ၊
လျှာနဲ့မြည်းတဲ့အခါ၊
ကိုယ်နဲ့ထိတွေ့တဲ့အခါ၊
စိတ်နဲ့ကြံတဲ့အခါ
ထပြေးပြီး ဖြစ်ပေါ်လာတတ်ပြီး
ရဟန္တာမဂ်မရောက်မချင်း မပယ်နိုင်လို့ဆိုတယ်။
၂။ ဘဝရာဂါနုသယ
ဘဝအသစ်တွေ ရချင်တဲ့ တဏှာ
ရူပဘဝ၊ အရူပဘဝတွေမှာ ဖြစ်ချင်တဲ့ တပ်မက်မှု
အထူးသဖြင့် စျာန်ရသူတွေမှာ ဖြစ်တတ်ပါတယ်။
၃။ ပဋိဃာနုသယ
အမျက်ထွက်လွယ်တဲ့ အလေ့အကျင့်
မကြိုက်တာတွေ့ရင် ချက်ချင်းဒေါသဖြစ်တတ်
အနာဂါမ်မဂ်မရောက်မချင်း မပယ်နိုင်
၄။ မာနာနုသယ
မာနမာနကြီးလွယ်တဲ့ အလေ့
မိမိကို အထင်ကြီးပြီး သူတစ်ပါးကို အထင်သေးတတ်
ရဟန္တာမဂ်မရောက်မချင်း မပယ်နိုင်
၅။ ဒိဋ္ဌာနုသယ
မှားယွင်းတဲ့အယူအဆတွေကို စွဲလမ်းတတ်တဲ့ အလေ့
သစ္စာလေးပါးနဲ့ ဆန့်ကျင်တဲ့ အယူအဆတွေကို လက်ခံတတ်
သောတာပတ္တိမဂ်ရမှ ပယ်နိုင်
၆။ ဝိစိကိစ်ဆာနုသယ
သံသယဖြစ်လွယ်တဲ့ အလေ့
ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ အပေါ် ယုံမှားသံသယဖြစ်တတ်
သောတာပတ္တိမဂ်ရမှ ပယ်နိုင်
၇။ အဝိဇ္ဇာနုသယ
အမှန်တရားကို မသိနိုင်တဲ့ အဝိဇ္ဇာ
သစ္စာလေးပါးကို မသိမမြင်နိုင်တဲ့ မောဟ
ရဟန္တာမဂ်မရောက်မချင်း မပယ်နိုင်
ဒီအနုသယတွေဟာ အခွင့်သင့်တိုင်း
ပေါ်လာတတ်ပါတယ်။
ပုထုဇဉ်တွေမှာ အပြည့်အဝရှိပြီး၊
အရိယာအဆင့်ဆင့်မှာ
တဖြည်းဖြည်း ပယ်သတ်နိုင်ပါတယ်။
ရဟန္တာမှသာ အကုန်ပယ်နိုင်တယ်လို့ ဆိုပါတယ်။
ကိလေသာက ဝဋ် ဖြစ်စေတဲ့
လောင်စာဆီပဲ။
သံသရာတစ်ကွေ့ ဒီတစ်နေ့ကို
နည်းနည်းချင်း ကိုယ့်ကိုကိုယ်ဆုံးမရင်း
ရေးထားတဲ့စာ။
Phyo Paing @ Derek