ဘဝရဲ့ ပေးထားချက်တွေကြားမှာ
ကိုယ်ကြိုက်တဲ့
မေးထားချက်ကို
ရွေးချယ်ဖြေလို့ရတယ်။
ကိုယ်ဘယ်ကို ဖြေမလဲ
ဘယ်လိုဖြေမလဲ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။”
တစ်ခါတစ်လေ ဘဝကို ဂိမ်းတစ်ခုလို မြင်ကြည့်ကြရအောင်။
ဂိမ်းတစ်ခုကို ငယ်ငယ်တုန်းက ကျွန်တော်တို့ ကစားဖူးကြမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းဆိုရင် တစ်ညလုံး အိပ်ရေးပျက်ပြီး ဆော့ချင်တယ်။ မနက်စာ စားဖို့တောင် မေ့နေတက်ကြတယ်မဟုတ်လား။ ဒါပေမယ့် မကြိုက်တဲ့ဂိမ်းဆို ၅မိနစ်တောင် မဆော့ချင်ဘူး။ ပျင်းစရာကြီးလို့ ပြောပြီး ဖယ်ထားလိုက်မယ်။
အဲ့လိုပါပဲ – လူ့ဘဝမှာလည်း ကိုယ်မပျော်တဲ့ အလုပ်တွေ၊ ပတ်ဝန်းကျင်တွေ၊ ဆက်ဆံရေးတွေကို အချိန်ကြာကြာ လုပ်နေမယ်၊ နေနေမယ်ဆိုရင် ကိုယ့်ဘဝ တစ်ခုလုံး ပျော်ရွှင်မှု ကင်းမဲ့သွားနိုင်တယ်။ ဥပမာ – စိတ်မပါတဲ့ အလုပ်ကို နှစ်နဲ့ချီပြီး လုပ်နေတာမျိုး၊ မတည့်တဲ့သူတွေနဲ့ နေ့တိုင်းတွေ့နေရတာမျိုး၊ မကြိုက်တဲ့နေရာမှာ နှစ်အတော်ကြာ နေနေရတာမျိုးပေါ့။
ဒါပေမယ့် ဘဝဆိုတာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ မိုးရွာတဲ့နေ့ဆို ထီးဆောင်းမလား၊ မိုးစိုခံမလား ရွေးလို့ရသလိုပဲ ကိုယ့်ရဲ့ ဘဝခရီးလမ်းမှာလည်း လမ်းကြောင်းတွေ အများကြီးရှိတယ်။ ယခုလက်ရှိ အခြေအနေကို မကြိုက်ဘူးဆိုရင် အခြားလမ်းကြောင်းတွေကို ရှာဖွေကြည့်လို့ရတယ်။ အလုပ်သစ် ရှာကြည့်တာမျိုး၊ ပညာသစ် သင်ယူကြည့်တာမျိုး၊ နေရာသစ် ပြောင်းကြည့်တာမျိုး လုပ်လို့ရတယ်။
ဘဝရဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိတယ်။ တချို့က ဘဝကံကြမ္မာလို့ ပြောပြီး ဘာမှမလုပ်ဘဲ နေတတ်ကြတယ်။ ဒါပေမယ့် တကယ်တမ်းက ငါဘယ်လိုနေမလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုတွေက ကိုယ့်ဘဝကို ပုံဖော်နေတာပါ။
ဥပမာပြောရရင် –
အလုပ်မှာ မပျော်ဘူးဆိုရင် အလုပ်သစ်ရှာလို့ရတယ်
ပညာအရည်အချင်း မလောက်သေးဘူးထင်ရင် ထပ်သင်လို့ရတယ်
နေရာဒေသက မသင့်တော်ဘူးထင်ရင် ပြောင်းရွှေ့လို့ရတယ်
အိမ်ထောင်ရေး မပျော်ရွှင်ဘူးဆိုရင် ပြောင်းလဲအားထုတ်လို့ရတယ်
အဓိကပြောချင်တာက လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့် ရှိတယ်။ စိတ်ညစ်နေတဲ့ အခြေအနေတွေကနေ ရုန်းထွက်ဖို့ အခွင့်အလမ်း ရှိတယ်။ မျက်စိမှိတ်ပြီး သည်းခံနေစရာ မလိုဘူး။ ပိုကောင်းတဲ့ ဘဝအတွက် ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ကြည့်ပါ။ ဒီနေ့ စလုပ်တဲ့ သေးသေးလေးတစ်ခုဟာ နောက်ဆုံးမှာ ကိုယ့်ဘဝကို အကြီးကြီး ပြောင်းလဲပေးသွားနိုင်ပါတယ်။
မပျော်တဲ့ဂိမ်းကို ဆက်မကစားနဲ့။ မပျော်တဲ့ဘဝကနေ ရုန်းထွက်ပြီး ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ပါ။ ဘာလို့လဲဆိုတော့ ဒါက ကိုယ့်ဘဝပဲ ဖြစ်လို့ပါ။
Phyo Paing @ Derek