ထိန်းချုပ်လို့ ရတာကို ထိန်းချုပ်ပါ။
ထိန်းချုပ်လို့ မရတာကို လွှတ်ပါ။
ဒါ Stoicism ရဲ့ အနှစ်သာရပါ။
နှစ်ပေါင်း ၂,၀၀၀ ကျော် အရင်က
ရောမ ဘုရင် Marcus Aurelius ကနေ
ကျွန် ဖြစ်ခဲ့တဲ့ Epictetus အထိ
ဒီ အတွေးအခေါ်ကို ကျင့်သုံးခဲ့ကြပါတယ်။
ဘုရင်ရော ကျွန်ရော တူညီတဲ့ အရာ တစ်ခု ရှိပါတယ်။
ဘဝမှာ ထိန်းချုပ်လို့ မရတဲ့ အရာတွေ ရှိတယ်ဆိုတာ။
ဒီနေ့ မြန်မာပြည်မှာ ဆိုရင်
လျှပ်စစ် ဘယ်တော့ လာမလဲ ထိန်းချုပ်လို့ မရဘူး။
ဈေးနှုန်း ဘယ်လောက် တက်မလဲ ထိန်းချုပ်လို့ မရဘူး။
ဒါတွေကို စိတ်ညစ်နေရင်
ထိန်းချုပ်လို့ မရတဲ့ အရာကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။
ဒါ အချည်းနှီးပါ။
Epictetus က ပြောခဲ့ပါတယ်။
“ကိုယ့်ကို ဒုက္ခပေးတာ ဖြစ်ရပ်တွေ မဟုတ်ဘူး။
ဖြစ်ရပ်တွေကို ကိုယ် ဘယ်လို ကြည့်သလဲ ဆိုတာ”
မိုးရွာတယ်။ ဒါ ဖြစ်ရပ်။
“မိုးရွာလို့ ကိုယ့်ဘဝ ပျက်ပြီ” ဒါ ကိုယ့်အမြင်။
“မိုးရွာတယ်။ ထီး ယူသွားမယ်” ဒါလည်း ကိုယ့်အမြင်။
ဖြစ်ရပ် အတူတူပဲ။ အမြင် ကွာတယ်။
ဒါကြောင့် ရလဒ် ကွာတယ်။
Stoic တွေ ဘယ်လို ကျင့်သုံးခဲ့သလဲ ဆိုတော့
ပထမ — Dichotomy of Control။
ထိန်းချုပ်နိုင်တာနဲ့ မနိုင်တာ ခွဲပါ။
ထိန်းချုပ်နိုင်တာ — ကိုယ့်အတွေး၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်တုံ့ပြန်ပုံ။
ထိန်းချုပ်လို့ မရတာ — သူများအပြုအမူ၊ စီးပွားရေးအခြေအနေ၊ ရာသီဥတု။
ထိန်းချုပ်နိုင်တာကို အားကောင်းအောင် လုပ်ပါ။
ထိန်းချုပ်လို့ မရတာကို လွှတ်ပါ။
ဒါပဲ။
ဒုတိယ — Amor Fati။
ဖြစ်လာတာကို ချစ်ပါ။
Marcus Aurelius က စစ်ပွဲတွေ ကပ်ရောဂါတွေ
နန်းတွင်းသစ္စာဖောက်မှုတွေ ကြားထဲမှာ
ဒီစာကို ရေးခဲ့ပါတယ်။
“အတားအဆီး ကိုယ်တိုင်က လမ်းကြောင်း ဖြစ်တယ်”
ပြဿနာက ပြဿနာ မဟုတ်ဘူး။
ပြဿနာထဲမှာ ကိုယ့်ကို ကြီးထွားစေတဲ့ အရာ ရှိနေတယ်။
တတိယ — Premeditatio Malorum။
ဆိုးဆုံး အခြေအနေကို ကြိုတွေးထားပါ။
Seneca က ပြောခဲ့ပါတယ်။
“မနက်ဖြန် ဆိုးဆုံး ဖြစ်နိုင်တာ ဘာလဲ ကြိုတွေးထား။
ဒါဆို ဖြစ်လာရင် ပြင်ဆင်ပြီးသားပဲ။
မဖြစ်ရင် ကျေးဇူးတင်စရာပဲ”
ဒါ စိတ်ပျက်ဖို့ မဟုတ်ပါဘူး။
ဒါ ပြင်ဆင်ထားဖို့ပါ။
လုပ်ငန်းရှင်တွေ ဒါကို သုံးသင့်ပါတယ်။
“ဒီလ ဖောက်သည် ၅၀% ကျသွားရင် ဘယ်လို ရှင်သန်မလဲ”
ကြိုတွေးထားရင် — ဖြစ်လာတဲ့ အခါ ပြိုမကျပါဘူး။
စတုတ္ထ — Memento Mori။
ကိုယ် သေမယ်ဆိုတာ မှတ်ထားပါ။
ဒါ ကြောက်ဖို့ မဟုတ်ပါဘူး။
ဒါ ဒီနေ့ကို တန်ဖိုးထားဖို့ပါ။
အသက်ရှင်နေရတဲ့ ဒီနေ့
စိတ်ညစ်နေဖို့ အချိန် ရှိသလား။
မနာလိုမှုထဲ နစ်နေဖို့ အချိန် ရှိသလား။
မရှိပါဘူး။ ဘဝ တိုတယ်။
Stoicism က ခံစားချက် မရှိဖို့ မဟုတ်ပါဘူး။
ခံစားချက်ကို ကိုယ့် ဆုံးဖြတ်ချက်ကို
ချယ်လှယ်ခွင့် မပေးဖို့ပါ။
ဒီနေ့ ခက်ခဲတဲ့ အခြေအနေ ရှိတယ်။
ဒါ ဟုတ်ပါတယ်။
ဒါပေမယ့် ဒီ အခြေအနေထဲမှာ
ကိုယ် ဘယ်လို တုံ့ပြန်မလဲ ဆိုတာ
ကိုယ့်လက်ထဲ ရှိပါတယ်။
ဒါ Stoicism သင်ပေးတဲ့ အကြီးမားဆုံး သင်ခန်းစာပါ။
Phyo Paing @ Derek