Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကြိုးစားမှုကို မပြောင်းနဲ့။အမြင်ကို ပြောင်းပါ။

ကိုယ့်အမြင် ဘယ်လောက် မြင့်သလဲ ဆိုတာ
ကိုယ့်ဘဝ ဘယ်လောက် မြင့်မလဲ
ဆိုတာကို ဆုံးဖြတ်ပါတယ်။

လူ ၂ ယောက် တူညီတဲ့ အရာကို ကြည့်တယ်။
တစ်ယောက်က ပြဿနာ မြင်တယ်။
တစ်ယောက်က အခွင့်အလမ်း မြင်တယ်။

မြင်တာ မတူလို့ လုပ်တာ မတူတယ်။
လုပ်တာ မတူလို့ ရောက်တာ မတူတယ်။

ကိုယ် ဘယ်လောက် ကြိုးစားကြိုးစား
ကိုယ့်အမြင်က နိမ့်ရင်
ကိုယ့်အမြင့်က နိမ့်မှာပဲ။

အမြင် ကျဉ်းတဲ့သူက ရှေ့တည့်တည့်ပဲ မြင်တယ်။
အမြင် ကျယ်တဲ့သူက ဘေးနားကိုပါ မြင်တယ်။
အမြင် စူးရှတဲ့သူက သူများ မမြင်တာကို မြင်တယ်။

ဒါ ဘဝတိုင်းမှာ ဖြစ်နေပါတယ်။

လုပ်ငန်းရှင် ၂ ယောက်
တူညီတဲ့ ဈေးကွက်ထဲ ဝင်တယ်။
တစ်ယောက်က “ပြိုင်ဘက် များလွန်းတယ်” မြင်တယ်။
တစ်ယောက်က “ဝယ်လိုအား ရှိတယ်” မြင်တယ်။

တူညီတဲ့ ဈေးကွက်။ အမြင် ၂ မျိုး။ ရလဒ် ၂ မျိုး။

ဝန်ထမ်း ထွက်သွားတယ်။
အမြင် နိမ့်တဲ့သူက “တော်တဲ့ဝန်ထမ်း ရှာမရဘူး” မြင်တယ်။
အမြင် မြင့်တဲ့သူက “ကိုယ့် system မှာ ပြဿနာ ရှိနေတယ်” မြင်တယ်။

ပထမ သူက ဝန်ထမ်းသစ် ရှာမယ်။ ပြီးရင် ထပ်ထွက်မယ်။
ဒုတိယ သူက system ပြင်မယ်။ ပြီးရင် ဘယ်သူ ဝင်ဝင် အလုပ်ဖြစ်မယ်။

AI ခေတ်ရောက်လာတယ်။
အမြင် နိမ့်တဲ့သူက “အလုပ် လုလာပြီ” မြင်တယ်။
အမြင် မြင့်တဲ့သူက “ကိုယ့် output ၁၀ ဆ တိုးနိုင်ပြီ” မြင်တယ်။

တူညီတဲ့ ခေတ်။ အမြင် ၂ မျိုး။ ရလဒ် ၂ မျိုး။

ဒါဆို အမြင်ကို ဘယ်လို မြှင့်မလဲ။

လေ့လာပါ။
ကိုယ် မသိတဲ့ နယ်ပယ်ကို ဖတ်ပါ။
ကိုယ်နဲ့ မတူတဲ့ လူတွေနဲ့ စကားပြောပါ။
ကိုယ် သဘောမတူတဲ့ အယူအဆကို နားထောင်ကြည့်ပါ။

လေ့ကျင့်ပါ။
သိတာနဲ့ လုပ်တတ်တာ မတူပါဘူး။
ဖတ်ပြီးရင် ရေးပါ။ ရေးပြီးရင် သင်ပါ။
သင်ပြီးရင် လုပ်ပါ။ လုပ်မှ ကိုယ့်ဟာ ဖြစ်ပါတယ်။

စမ်းသပ်ပါ။
မှန်မမှန် မသိတာကို မှန်တယ်ဆိုပြီး မယုံပါနဲ့။
ကိုယ်တိုင် စမ်းပါ။ ကိုယ်တိုင် ကျရှုံးပါ။
ကိုယ်တိုင် သင်ခန်းစာ ယူပါ။
စာအုပ်ထဲက knowledge ကို
ဘဝထဲက experience နဲ့ ပေါင်းမှ wisdom ဖြစ်ပါတယ်။

ကြိုးစားမှုကို မပြောင်းနဲ့။
အမြင်ကို ပြောင်းပါ။

အမြင်ပြောင်းရင် အမြင့်ပြောင်းပါတယ်။

Phyo Paing @ Derek

Share Your Idea!​