အသက်ရှူနေတဲ့လေလောက်
ဘယ်အရာမှ တန်ဖိုးမကြီးဘူး။
ဒါမရှိရင် အသက်ငင်နေရမှာ။
သောက်နေတဲ့ရေကလဲ
တန်ဖိုးကြီးတယ်။
ဒါမရှိရင် အသက်မရှိနိုင်ဘူး။
ဘဝမှာ ကျေးဇူးတင်တတ်မယ်ဆို
သဘာဝတရား ရှင်သန်မှုဖြစ်စဥ်မှာ
ကျေးဇူးတင်လို့ရတဲ့အရာတွေရှိပါသေးတယ်။
လူ့လောကထဲရောက်လာရင်ကို
ကိုယ်ဒုက္ခ၊ စိတ်ဒုက္ခတော့
အနည်းနဲ့ အများရှိကြမှာပဲ။
စိတ်မထားတတ်လေလေ
စိတ်ဒုက္ခပိုများလေလေ။
အသက်ရှူမဝလို့
အသက်ငင်နေတဲ့သူတွေ၊
ကိုယ့်လက်မှာ အသက်ကယ်ပေးရင်း
သေဆုံးသွားတဲ့သူတွေ၊
ရောဂါကြောင့် နေဝင်ချိန်ကို
အားငယ်စွာနဲ့ စောင့်နေတဲ့သူတွေနဲ့
ကြုံဆုံခဲ့တဲ့ အတွေ့အကြုံက
လောကအမြင်ကို အကြီးအကျယ်ပြောင်းစေတယ်။
အခုရှူနေတဲ့လေ၊
သောက်တဲ့ရေရှိနေတာကလဲ
ကျေးဇူးတင်တတ်ရင်
ကျေးဇူးတင်လို့ရပါတယ်။
ကောင်းကင်ပေါ်ပျံမှမဟုတ်ဘူး၊
မြေကြီးပေါ်မှာ လမ်းလျှောက်နေနိုင်တာလဲ
အံ့ဖွယ်တစ်ခုပဲလို့
ဆရာတော် သစ်နော့ဟန်ကဆိုခဲ့တယ်။
လေယာဥ်ပျံစီးတာများတော့
ကောင်းကင်ပေါ်ပျံတာက
အဆန်းလို့ မခံစားရတော့ဘူး။
သောက်သုံးရေပုံမှန်ရှိနေတော့
သောက်သုံးရေရှိတာ အဆန်းလို့မခံစားရတော့ဘူး။
ရှူစရာလေကောင်းလေသန့်ရှိနေတာပုံမှန်ဆိုတော့
အဆန်းလို့ မခံစားရတော့ဘူး။
တခြားသူတစ်ယောက်ရဲ့ဘဝက
ကိုယ့်ရဲ့အိမ်မက်ဖြစ်နေနိုင်သလို
ကိုယ့်ဘဝကလဲ
တခြားသူတစ်ယောက်ရဲ့အိမ်မက်ဖြစ်နေနိုင်တယ်။
ဘဝမှာ ကိုယ့်ဘဝကိုယ်စိတ်တိုင်းကျချင်ရင်
ကျေးဇူးတင်စိတ်လေးနဲ့စကြည့်ကြည့်ပါ။
ကိုယ့်မိဘ၊ ဆွေမျိုး၊ သားသမီး၊
သမီးရည်းစားလင်မယား၊
အပေါင်းအသင်း၊
စားနေရတဲ့ဆန်စပါးစိုက်ပျိုးပေးတဲ့
တောင်သူကြီးများ
အစရှိသည်ပေါ့။
Phyo Paing @ Derek