ငါးနှစ်သားအရွယ်
ကလေးငယ်တစ်ယောက်ဟာ
သူ့မေမေ ပြောပြတဲ့ပုံပြင်ထဲမှာ ပျော်နေခဲ့တယ်။
“သားရေ… မင်းက ဆရာဝန်ဖြစ်မှာ…
အဲဒါက မိသားစုရိုးရာပါ”
ဆယ်နှစ်သားအရွယ်မှာတော့
သူဟာ ကျောင်းဆရာမရဲ့ ပုံပြင်ထဲ
ရောက်နေပြန်တယ်။
“မင်းက သင်္ချာမှာ အားနည်းတယ်…
ဘာသာစကားပဲ သင်သင့်တယ်”
အသက်ကြီးလာတာနဲ့အမျှ
လူ့အသိုင်းအဝိုင်းက ရေးဆွဲထားတဲ့
ပုံပြင်တွေကြားထဲ ညပ်နေခဲ့ရပြန်တယ်။
“အောင်မြင်တဲ့သူဆိုတာ
တက္ကသိုလ်ကျောင်းပြီးပြီး
ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ရမယ်”
လူတွေက ကိုယ့်အမြင်ကို
ပုံပြင်နဲ့ ဖော်ပြကြတယ်။
လူတိုင်းက ကိုယ့်ပတ်ဝန်းကျင်ရဲ့
ပုံပြင်တွေထဲက လွတ်မြောက်ဖို့
မလွယ်ကူဘူး။
အမြင့်ကို ပျံသန်းချင်လေလေ
အမြင်တွေကို ပြောင်း
ပုံပြင်ဟောင်းတွေ ထားခဲ့
အသစ်တဖန်ပြန်လည်
တည်ဆောက်ဖို့လိုတတ်တယ်။
ကျွန်တော်တို့ ပုံပြင်တွေထဲက
ထွက်ပြေးဖို့လိုတတ်တယ်။
ငယ်ငယ်က ကိုယ့်မိဘပြောနေတဲ့
ပုံပြင်ထဲက ထွက်ပြေးခဲ့တယ်။
နောက် ဆရာမပြောနေတဲ့
ပုံပြင်ထဲက ထွက်ပြေးခဲ့တယ်။
ကိုယ့်အသိုင်းအဝိုင်းကပြောနေတဲ့
ပုံပြင်ထဲကထွက်ပြေးခဲ့တယ်။
နောက် ကိုယ့်ကိုကိုယ်ပြောနေကျ
အရင်ပုံပြင်တွေထဲက ထွက်ပြေးခဲ့တယ်။
ဖြစ်ပုံပျက်ပုံတွေကို အဓိပ္ပာယ်ဖွင့်ဆိုမှု
ပုံကိုပြင်ချင်ရင် ပုံပြင်လိုတယ်။
Phyo Paing @ Derek