၁။ မှန်ကန်တဲ့ အမြင်
ဘဝမှာ ကျွန်တော်တို့ထင်တဲ့ သုခတွေရှိသလို
ဒုက္ခတွေလဲ ရှိမယ်။
လောကဓံရှစ်ပါးရှိတယ်။
ဒီတော့ အမြဲတမ်းကောင်းတာတွေဖြစ်မှာမဟုတ်သလို၊
အမြဲ ဆိုးတာတွေလဲ မဖြစ်ဘူး။
ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းရှိနေမယ်။
အရာရာ မတည်မြဲဘူး။
အနိစ္စ။
ဒီတော့ မှန်ကန်တဲ့ မျှော်မှန်းချက်ထားလို့ရတယ်။
၂။ မရှာပဲ တွေ့နိုင်တယ်။
ပျော်ရွင်မှုဆိုတာ လိုက်ရှာစရာမလိုဘူး။
အသက်ရှူနဲ့ နှာသီးဖျားကို အာရုံပြန်လာခဲ့။
ဘားမှ လုပ်စရာမလိုဘူး။
ငြိမ်းချမ်းမှုရှိတယ်။
ကိုယ့်ရဲ့အတွေးတွေက ကောင်းတဲ့ခံစားချက်
ဖြစ်စေသလို၊
ဆိုးတဲ့ ခံစားချက်လဲဖြစ်စေတယ်။
ဒါတွေရဲ့ ပကတိနေရာကတော့
နှာသီးဖျားပဲ။
၃။ သီလ၊ သမာဓိ၊ ပညာ။
ကောင်းမွန်တဲ့ စေတသိက်တွေပွားများ။
အလိုမပြည့်တဲ့ လောဘ၊
မခံချင်စိတ်ကြောင့်ဖြစ်တဲ့ ဒေါသ၊
တွေဝေမိုက်မဲစေတဲ့ မောဟ
ဒီသုံးခုကို စီမံခန့်ခွဲဖို့
သတိ၊ သမာဓိ၊ ပညာလိုတယ်။
သတိ၊ သမာဓိ၊ ပညာဖြစ်ဖို့
အနှောက်အယှက်ဖြစ်စေတဲ့
အတွေးအခေါ်နဲ့ မူးယစ်မှုတွေရှောင်ဖို့လိုတယ်။
နေ့စဥ် journaling လေးတာ သတိတိုးဖို့၊
စာဖတ်၊ တရားထိုင်တာ သမာဓိတိုးဖို့၊
နေ့စဥ် လေ့လာ၊ စမ်းသပ်လုပ်ဆောင်တာ ပညာတိုးဖို့။
သူ့နောက်မှာ ကောင်းမွန်တဲ့စေတသိက်တွေဖြစ်တဲ့
မိမိကိုယ်ကိုယုံကြည်မှု၊ ဂရုဏာ၊ မုဒိသာ၊
မေတ္တာ၊ ကိုယ့်ရဲ့အတွေး၊ အကြံ၊ အလုပ်တွေမှန်လာမယ်။
၄။ ပါရမီဖြည့်ပါ။
သတ္တဝါတွေကို ကယ်တင်ဖို့ ဗုဒ္ဓက
ပါရမီဖြည့်ခဲ့သလို
ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
နေ့စဥ် ပါရမီဖြည့်ဖို့လိုတယ်။
၅။ စနစ်တကျ ချည်းကပ်မှုရှိပါ။
ဗုဒ္ဓရဲ့ သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးဟာ
အမှန်တရား nature of reality ကို
အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့
လိုက်နာကျင့်သုံးရမည့် ကျင့်စဥ်
Framework thinking ဟာ
ဘဝမှာ တော်တော် အရေးပါတယ်။
အရမ်း စနစ်ကျတယ်။
ဒီ Framework Thinking ကိုအသုံးပြုပြီး
တစ်ရက်တာကို TWR ခွဲလိုက်တယ်။
Train, Work, Recharge နောက်၊
ဂရုစိုက်ဖို့ အတွေး၊ အကြံ၊ အလုပ်ကို
သေချာသတိထားလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
၆။ ခွဲခြမ်းစိတ်ဖြာမှု
စေတသိတ် ငါးဆယ့်နှစ်ပါးကိုကြည့်ရင်
စိတ်ရဲ့ဖြစ်တည်ပုံကို ခွဲခြမ်းစိတ်ဖြာပြီး
category အကန့်တွေခွဲပြပြီး
conceptualize လုပ်ထားတာ
ဘဝမှာ အကြောင်းအရာတစ်ခုကို
သေချာသိမြင်ဖို့ ခွဲခြမ်းစိတ်ဖြာစဥ်းစားတတ်ဖို့
အထောက်အကူအထူးပြုတယ်။
အရင်ခေတ်က ပါဠိ စာတွေနဲ့ပဲဆိုတော့
ပိဋကတ် သုံးပုံ ဖတ်ဖို့တော်တော်ခက်တယ်။
ဒီနေ့ AI ခေတ်မှာ လိုချင်တာ၊ သိချင်တာ
English လို မေးလို့ရတော့
AI ဘုန်းတော်ကြီးတစ်ပါးရှိနေသလိုပဲ။
နောက် fact-check ပြန်လုပ်လို့ရတော့
တော်တော်လေး ကောင်းလာတယ်။
၇။ မဇ္ဈိမပဋိပဒါ။
အများစုထင်တာ အရမ်းမကြိုးစားနဲ့။
ပုံမှန်လေးပဲလုပ်။
ဒါကို မဇ္ဈိမပဋိပဒါ လို့ထင်ကြတယ်။
ကိုယ်လဲအရင်က အဲ့လိုပဲထင်ခဲ့တယ်။
အမှန်တော့ မဇ္ဈိမပဋိပဒါ ဆိုတာ
မဂ္ဂင်ရှစ်ပါးကို ဆိုတာ။
အစွမ်းရောက်တဲ့ အမြဲပဲ ကောင်းတာတွေဖြစ်ရမယ်။
အမြဲပဲ ဘဝကြီးက တိုင်ပတ်နေမယ်။
ချမ်းသာဖို့အတွက် ဘာလုပ်ရလုပ်ရ။
အဲ့လိုမဟုတ်ပဲ သမာအာဇီဝကျကျ၊
အတွေး၊ အကြံ၊ အလုပ်၊
သီလ၊ သမာဓိ၊ ပညာ မှန်ကန်ဖို့ကိုဟောကြားခဲ့တာ။
တကယ်ယုံကြည်ရင်
ကိုးကွယ်မှုထက် ကျင့်သုံးမှုကိုပြုဖို့လိုလာနိုင်တယ်။
ဒီလို ကျင့်သုံးမှုအသားပေးတဲ့ ဗုဒ္ဓဘာသာကို
Secular Buddhism လို့ခေါ်ပြီး
ဝါဒတွေကို ဖယ်ပြီး
နေ့စဥ်ဘဝမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလို့ရတယ်။
လူတိုင်းက ပြီးပြည့်စုံမှာမဟုတ်ဘူး။
အားလုံးပြီးပြည့်စုံနေရင် အရိယာ ဖြစ်သွားမှာပေါ့။
သံသရာထဲက လူတွေဖြစ်တဲ့အတွက်
အမှားလုပ်လိုက်၊
အသိလေးဝင်လာပြီး
သတိနဲ့ ပြင်လိုက်။
ဒီလိုပဲ သွားနေရမှာပဲ။
ကိုယ့်ကိုယ်ကို ဓမ္မနဲ့ဝေးနေတော့
ဆုံးမနေရတယ်။
Phyo Paing @ Derek