လက်တွေ့ဘဝမှာ အသုံးချလို့ရတဲ့
ဗုဒ္ဓအဆုံးအမ ၇ ခု
၁။ အနိစ္စ
အခြေအနေ၊ အောင်မြင်မှု၊ နာကျင်မှု
အကုန်လုံးကို ဖက်တွယ်မထားနဲ့။
အရာရာက ခဏပါပဲ။
ဒုက္ခကြုံရင် ဒူပေဒါပေခံ။
သုခတွေကြုံရင် အရမ်းတုန်လှုပ်ပြီးမာန်မတက်လိုက်နဲ့။
ခဏတာကို တစ်ဘဝစာလို မမြင်လိုက်နဲ့။
၂။ အနတ္တ
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က “ကိုယ်”နဲ့
အခုနဲ့ မတူတော့ဘူး။
နောက် ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာလဲမတူတော့ဘူး။
ငါ့သား၊ ငါ့သမီး၊ ငါ့ဝန်ထမ်း၊ ငါ့ဆရာ၊ ငါ့ပရိသတ်၊
ငါ့ဖောက်သည်။
ငါငါငါဆိုတာ အချိန်နဲ့အမျှပြောင်းနေတယ်။
မနေ့က ကိုယ့်ကိုချစ်နေတဲ့သူတွေ
မနက်ဖြန် ချစ်ချင်မှချစ်တော့မယ်။
မုန်းတဲ့သူလဲ ဖြစ်သွားနိုင်တယ်။
အနတ္တရဲ့ သဘောတရားကိုလက်ခံပြီး
ဘဝကို စီးဆင်းသွားဖို့လိုတယ်။
၃။ ဒုက္ခ
အကြောင်းနဲ့ အကျိုး၊
အကောင်းနဲ့ အဆိုးကြားမှာ
ဘဝမှာ ဒုက္ခတွေရှိမှာပဲ။
လောကဓံရှစ်ပါးလေ။
ချမ်းသာကြွယ်ဝခြင်းရှိသလို
ဆင်းရဲမွဲတေခြင်းရှိမယ်။
အခြံအရံရှိသလို
အခြံအရံမရှိတာလဲရှိမယ်။
လူတွေချီးမွမ်းအသိအမှတ်ပြုခံရတာရှိသလို
ကဲ့ရဲ့တာလဲ ရှိမယ်။
စိတ်ချမ်းသာကိုယ်ချမ်းသာရှိသလို
စိတ်ဆင်းရဲကိုယ်ဆင်းရဲလဲရှိနိုင်တယ်။
လောကဓံရှစ်ပါးကို
မတုန်မလှုပ် သွေးမပျက်ပဲရှေ့ဆက်ဖို့
ဥပက္ခာတရားလက်ကိုင်ထားဖို့လိုတယ်။
၄။ ပဋိစ္စသမုပ္ပါဒ်
အရာရာ သူ့အလိုလိုဖြစ်မလာဘူး။
အကြောင်းကြောင့်အကျိုးဖြစ်လာတယ်။
ငွေကြေးအကြောင်းနားမလည်ရင်
ငွေကြေးကြောင့် ဒုက္ခရောက်မယ်။
လူတွေအကြောင်းနားမလည်ရင်
လူတွေကြောင့်ဒုက္ခရောက်မယ်။
စီးပွားရေးအကြောင်းနားမလည်
စီးပွားရေးကြောင့်ဒုက္ခရောက်မယ်။
မားကက်တင်းနားမလည်
မားကက်တင်းကြောင့် ဒုက္ခရောက်မယ်။
ကိုယ့်ကိုကိုယ် နားမလည်
ကိုယ့်ကိုကိုယ်ကြောင့် ဒုက္ခရောက်မယ်။
နားမလည်ရင် မှားမယ်။
မသိနားမလည်တာကို
အဝိဇ္ဇာ (မသိမှု)လို့ခေါ်တယ်။
သိလို့လုပ်လုပ်၊ မသိလို့လုပ်လုပ်
ကံဆိုတာ ဖြစ်တယ်။
ဒါကို သင်္ခါရ (ကံ) လို့ခေါ်တယ်။
ဒါကို စိတ်က သိတယ်။
ဝိညာဏ (သိစိတ်) လို့ခေါ်တယ်။
ဒီကမှ တစ်ဆင့် ကိုယ့်ခန္ဓာကိုယ်ကသိတယ်။
နာမ်ရူပ (နာမ်-စိတ်၊ ရူပ-ရုပ်) လို့ခေါ်တယ်။
ဒီကမှတဆင့် အာရုံခြောက်ပါး
အာယတန (အာရုံခံစားမှု) နဲ့
ဖဿ (ထိတွေ့မှု) ကြောင့်
ချမ်းသာတာ၊ ဆင်းရဲတာ၊ လျစ်လျူရှုတာ စတဲ့
ဝေဒနာ (ခံစားမှု) တွေဖြစ်လာတယ်။
ဒီခံစားမှုတွေကို တဏှာ (တပ်မက်မှု) နဲ့
ဥပါဒါန် (စွဲလမ်းမှု) တွေဖြစ်လာတယ်။
ငွေကြိုက်တဲ့သူက ငွေပိုရှာတယ်။
မူးယစ်ဆေးကြိုက်တဲ့သူက
မူးယစ်ဆေးပိုရှာတယ်။
ဒါကမှ အကြောင်းတရားတွေထပ်ဖြစ်လာတယ်။
ဒါကို ဘဝ (ဘဝဖြစ်ပေါ်မှု) လို့ခေါ်တယ်။
ဒီ အကြောင်းတရားတွေကြောင့်
အကျိုးတရား ဇာတိ (မွေးဖွားခြင်း) ပြန်ဖြစ်တယ်။
ရလေလိုလေ အိုတစ္ဆေဆိုသလိုပေါ့။
ဒီစက်ဝိုင်းကနေ
အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ဒုက္ခတွေ
ပြန်ဖြစ်တယ်။
ဒါကို
ဇရာ-မရဏ (အိုခြင်း-သေခြင်း)လို့ခေါ်တယ်။
ဒါကြောင့် ဘဝမှာ
“နားမလည်ရင် မှားမယ်”။
နားလည်ဖို့ ပညာသင်ကြတာဖြစ်ပါတယ်။
ဒါမှ မှန်ကန်တဲ့မြင် သမ္မာဒိဋ္ဌိ ရှိမှာဖြစ်ပါတယ်။
၅။ ကံသုံးပါး
ကံကံ၏အကျိုးရှိတာရှိပါတယ်။
ဆဲဆို အပြစ်တင်နေရုံနဲ့
ရည်မှန်းချက်တွေ မဖြစ်လာပါဘူး။
ကိုယ့်ဘဝကိုယ်တာဝန်ယူဖို့လိုပါတယ်။
မနောကံ၊ ဝဇီကံ၊ ကာယကံ
ကံသုံးပါးကြောင့် ရလဒ်တွေဖြစ်ပေါ်လာတယ်။
လူတွေစဥ်းစား၊ ပြောဆို၊ လုပ်ဆောင်တာမတူရင်
ဘဝတွေ မတူတော့ပါဘူး။
အမြင်တွေမတူရင် အမြင့်တွေ မတူတော့ပါဘူး။
၆။ မဇ္ဈိမပဋိပဒါ
အလယ်အလတ်လမ်းစဥ်က
ဘဝရဲ့အဖြေပါ။
အလုပ်အရေးကြီးတယ်ဆိုတိုင်း
တစ်ဖက်စွန်းရောက်ပြီး
ကျန်းမာရေးထိခိုက်တဲ့ထိမလုပ်နဲ့။
မလုပ်ချင်ဘူးဆိုတိုင်းလဲ
ပြစ်ထားတာမျိုးမလုပ်နဲ့။
ရေရှည်တည်တံ့ချင်ရင်
အလယ်အလတ်လမ်းစဥ်အရေးကြီးပါတယ်။
တစ်ဖက်စွန်းရောက်တဲ့အရာတွေက
ရေရှည်မခံပါဘူး။
အရုပ်ကြိုးပျက်ဆိုတာ ကြားဖူးပါလိမ့်မယ်။
ကိုယ့်သားသမီးတွေကို ချစ်တယ်။
ချစ်လို့ရတယ် အစွန်းမရောက်စေနဲ့။
တစ်ခုခုကို ယုံကြည်လို့ရတယ်။
အစွန်းမရောက်စေနဲ့။
အစွန်းရောက်ရင် ပြုတ်ကျတတ်တယ်။
၇။ သတိ
အရာရာရဲ့ အုတ်မြစ်ပါ။
စားသတိ၊ သွားသတိ၊ နေသတိဆိုတဲ့အတိုင်း
ဘဝမှာ သတိက အခြေခံပါ။
ဂိမ်းတစ်ခုကို သတိမရှိ
လက်လွတ်စပယ်ဆော့ရင်တောင်ရှုံးနိုင်တယ်။
ဘဝဖြတ်သန်းမှုမှာ ကံသုံးပါးဖြစ်နေတယ်။
ဒါကို သတိနဲ့နေမှ မကောင်းတာတွေကို
သတိနဲ့ပယ်နိုင်မယ်။
ဒီနောက်ကမှ တစ်ခုမှာအာရုံစူးစိုက်နိုင်စွမ်း
သမာဓိလိုက်လာမယ်။
သမာဓိရှိလာတဲ့အခါ
အဆင့်မြင့်အလုပ်တွေ အားထုတ်နိုင်လာမယ်။
ဒါက မဂ္ဂင်ရှစ်ပါးမှာ
သီလ၊ သမာဓိ၊ ပညာ ဒီသုံးခု
ဆက်စပ်မှုကို တည်ဆောက်ဖို့
သတိနဲ့စတင်ကြည့်ပါ။
Phyo Paing @ Derek