1. Self-analysis
ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ရမယ်။ ကိုယ့်ကိုကိုယ်မှ မသုံးသပ် ၊ မဆန်းစစ်ရင် ပိုကောင်း၊ ပိုတော်အောင်လုပ်လို့ရမှာမဟုတ်ဘူး။
The unexamined life is not worth living. — Socretes
ဘာတွေ ပြန်လည်ဆန်းစစ်ရမလဲ။ ကိုယ့်ရဲ့ အတိတ်ကို ပြန်လည်ဆန်းစစ်ရမယ်။ အတိတ်ဟာ ဖြစ်ခဲ့တဲ့ ဂုဏ်အယူဆုံးအရာတွေ၊ အောင်မြင်မှုတွေ၊ ပျော်ရွင်စရာ၊ ရင်ခုန်စရာတွေ ပါဝင်သလို ဒုက္ခတွေ၊ စိတ်ဆင်းရဲစရာတွေ ပါဝင်တယ်။ အရေးကြီးတဲ့အချက်က ပြဿနာကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းသလဲ၊ ပြဿနာကို ဘယ်လိုတုန့်ပြန်လဲဆိုတဲ့ အချက်တွေ အင်မတန်အရေးကြီးပါတယ်။ တချို့က ပြဿနာဖြစ်တဲ့အခါ စိတ်ဓာတ်ကျ ရှောင်ဖယ်တတ်တယ်။ တချို့က ဒီပြဿနာကို ကျော်လွှားဖို့ အဖြေရှာတယ်။
ပျော်ရွင်မှုဖြစ်ပြီဆိုရင်လဲ ဘယ်အချိန်မျိုးကျရင် ပျော်တတ်တယ်။ ဘယ်လိုအချိန်မျိုးကျရင် ဂုဏ်ယူတတ်တယ်။ ဒါတွေကို သိရင် ကိုယ့်ရဲ့ patterns တွေကို တဖြည်းဖြည်းပြန်မြင်လာပါလိမ့်မယ်။
2. Self-awareness
ကိုယ့်အကြောင်းကိုယ် သေချာသိဖို့အတွက် စိတ်ပညာပိုင်းတွေ၊ ကိုယ်ရည်ကိုယ်သွေးအပိုင်းတွေ လေ့လာထားဖို့ အရေးကြီးပါတယ်။ ကားတစ်စီးမောင်းတဲ့အခါ ကားအကြောင်း တီမိခေါက်မိရှိမှသာ အရေးအကြောင်းဆိုရင် သေချာ စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။
Self-awareness ဆိုတာ ကိုယ့်ရဲ့ လက်ရှိ အတွေးအခေါ်၊ အယူအဆ၊ အပြုအမူတွေဟာ ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ထပ်တူကျတယ်၊ မကျတယ်ကို သတိပြုဆင်ခြင်နိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ လွယ်လွယ်ကူကူပြောရရင် ကိုယ့်ကိုကိုယ် သိတယ်ဆိုပါတော့။ လူအများစုက ကိုယ့်ကိုကိုယ် သိဖို့ ကြိုးစားဖို့ မေ့နေတတ်ကြတယ်။ Social Media မှာ တွေ့တဲ့ လူအသိအမှတ်ပြုခံရတဲ့သူတွေ၊ အောင်မြင်တဲ့သူတွေကို ကြည့်ပြီး အားကျတတ်ကြတယ်။ အပြင်ပိုင်းအမြင်တွေမှာ အာရုံသက်ဝင်နေပြီး ကိုယ့်ကိုကိုယ် အာရုံစိုက်ဖို့ မေ့နေတတ်ကြတယ်။ Self-awareness မြင်လာလေလေ အခြေအနေတစ်ခုကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်လာနိုင်မယ်။
3. Self-acceptance
ကိုယ့်မှာမရှိထားတဲ့အရာတွေကို ဘေးထိုင်ဘုပြော၊ အပစ်တင်တတ်တယ်။ အရှိကိုအရှိအတိုင်းလက်ခံဖို့လိုတယ်။ ဥပမာ ကိုယ့် English စာအရည်အချင်းညံနေသေးတယ်။ တကယ်ဆိုရင် ဒါကိုလက်ခံရမယ်။ အရှိကို အရှိအတိုင်းလက်ခံမှ တိုးတက်မှုခရီးစဥ်ကို စတင်လို့ရမယ်။ မှတ်ထားရမှာတစ်ခုက “အတိတ်သည် အနာဂတ်နဲ့ မတူဘူး။” Resentment အစား Acceptance နဲ့ အစားထိုးကြည့်ပါ။
4. Winning Formula
လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အောင်မြင်မှု formula မတူကြဘူး။ တခြားသူတစ်ယောက်ကို အောင်မြင်အောင်လုပ်ပေးတဲ့ပုံစံက ကိုယ့်ကို အောင်မြင်အောင်လုပ်ပေးဖို့မလွယ်ဘူး။ လူတိုင်း တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် ကိုယ့်ရဲ့ အောင်မြင်မှု formula ကိုယ်ပြန်ရှာတတ်ဖို့လိုတယ်။
ကိုယ့်ဘဝမှာ အောင်မြင်မှုကြီးကြီးကျယ်ကျယ်ရခဲ့ဖူးရင် ဒီအောင်မြင်မှုရတုန်းက အားထုတ်ခဲ့တဲ့ မဟာဗျူဟာတွေကို ပြန်လည်ဆန်းစစ်၊ သုံးသပ်ပြီး ကိုယ့်ရဲ့မဟာဗျူဟာကို ရှာဖွေလို့ရပါတယ်။
5. Role Models
ကိုယ်စံထားတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်ရဲ့အတွေးကို လွမ်းမိုးတယ်။ အတွေးအခေါ်ဆိုတဲ့နေရာမှာ ကမ္ဘာကြီးကို မြင်တဲ့အမြင်၊ ခေါင်းထဲရှိတဲ့အယူအဆ၊ ယုံကြည်မှုတွေ၊ စဥ်းစားပုံ စဥ်းစားနည်းတွေပါပါဝင်တယ်။ ကိုယ်စံထားတဲ့ ပုဂ္ဂိုလ်တွေမှာ တစ်ယောက်ထက်ပိုနိုင်တယ်။ မတူညီတဲ့ နယ်ပယ်တစ်ခုစီကလာတာလဲ ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်မြင့်ဖို့အတွက်ထားတဲ့ role model နဲ့ စီးပွားအရေးအတွက်ထားတဲ့ role model တူချင်မှ တူလိမ့်မယ်။
NLP (Neuro-linguistic Programming) မှာ modelling ဆိုတဲ့နည်းစနစ်ရှိတယ်။ ကိုယ်လိုချင်တဲ့ရလဒ်ကို ပိုင်ဆိုင်ပြီးတဲ့သူကို role model အနေနဲ့ယူပြီး သူစဥ်းစားတဲ့ပုံစံ၊ တွေတဲ့ပုံစံ၊ စိတ်နေစိတ်ထား ထားတဲ့ပုံ အစရှိတာတွေကို အတုယူပြီး လိုချင်တဲ့ရလဒ်ရအောင်လုပ်တဲ့နည်းစနစ်တစ်ခုဖြစ်တယ်။
6. Forgiving Yourself
ကိုယ်အချစ်ဆုံးလူသုံးယောက်ကို စဥ်းစားကြည့်ပါ။ ၁၀ စက္ကန့်အတွင်း ဒီလူတွေကို ပုံဖော်ကြည့်ပါ။ ကြည့် အများစု ကိုယ့်ကိုကိုယ် မတွေ့ကြဘူး။ တခါတလေ လူတွေက ကိုယ့်ကိုကိုယ် ချစ်ဖို့ မေ့နေတတ်တယ်။ ကိုယ့်ကိုကိုယ် ခွင့်လွတ်ပါ။ လူတိုင်း အမှားလုပ်တတ်ကြတယ်။ အမှားလုပ်မိရင် ကိုယ့်ကိုကိုယ်ခွင့်လွတ်ပြီး ရှေ့ဆက်စရာရှိတာ ဆက်ပါ။
Phyo Paing @ Derek