အရင်းအနှီးအများကြီးမလိုပဲ ဘယ်လို လုပ်ငန်းစတင်မလဲ?
အရင်းအနှီးမလိုသလောက်နဲ့ စတင်လို့ရတဲ့လုပ်ငန်းတွေကို customer-funded business လို့ခေါ်တယ်။ ပုံမှန် ပြည်တွင်းမှာဆို ကိုယ့်အိတ်ကိုယ်စိုက်ပြီးရင်းနှီးမြုပ်နှံတာ၊ ရှယ်ယာရှင်တွေခေါ်တာ၊ နိုင်ငံခြားမှာဆို angel investing တို့၊ VC တို့နဲ့ သွားကြတယ်။
ဒီနေ့လဲ John Mullins ရေးတဲ့ Customer-funded Business ဖတ်ရင်း 2015 ကိုတောင်ပြန်သတိရတယ်။ သင်တန်းကျောင်းစဖို့ တစ်လအတွက် ၂ သိန်းခွဲနဲ့ အခန်းငှား၊ projector ပါပြီးသားဆိုတော့ နောက် ငါးသောင်းကို မားကတ်တင်းစရိတ်အဖြစ်အသုံးပြုပြီး သင်တန်းကျောင်းစခဲ့တာ ရင်ခုန်စရာစမ်းသပ်မှုတစ်ခုပဲ။
1. Matchmaker model
နှစ်ဖက်ချိပ်ပေးတဲ့ မော်ဒယ်တစ်ခုပဲ။ Expedia တို့လို ခရီးသွားချိပ်ဆက်တဲ့ လုပ်ငန်းတွေမှာ ဖောက်သည်ဆီက ငွေကြိုယူပြီး၊ ၆ ပတ်နေမှ ဟော်တယ်တွေကို ငွေပြန်ပေးတဲ့ ကြားမှာငွေကြိုသုံးထားလို့ရတယ်။ ဒီပုံစံနဲ့ သူ့လုပ်ငန်းကို ကြီးထွားအောင်လုပ်သွားတယ်။
နောက်တစ်ခုက ပရိုမိုးရှင်း၊ တန်မှတန်တွေကို ရှာဖွေဝယ်ယူလို့ရတဲ့ Groupon. Nov 2011 မှာ စတော့စျေးကွက်တင်တော့ $700 Million နဲ့ 2004 Google နောက်ပြီး အကြီးဆုံး IPO ဖြစ်ခဲ့တယ်။ ကုန်သည် merchant နဲ့ ဝယ်သူ user တွေကြားမှာ ငွေကြိုရသလို၊ ကုန်သည်တချို့ကို ရက် ၆၀ နေမှ ငွေပေးတဲ့အတွက် အဲ့ငွေနဲ့ လှည့်သွားလို့ရတယ်။ လက်ထဲမှာ ရင်းနှီးမြုပ်နှံမှုငွေရှိတော့ ပြိုင်ဖက်လုပ်ငန်း ၁၇ ခုကို တပြိုင်တည်းဝယ်ပြီး နိုင်ငံပေါင်း ၄၅ နိိုင်ငံကို တပြိုင်တည်းချဲ့သွားတယ်။ ဝန်ထမ်းကိုလဲ ၃၇ ယောက်နေ ၉၆၂၅ ထိတိုးသွားတယ်။ ဒါပေမယ့် ပြဿနာဖြစ်တယ်။ စျေးကြီးတဲ့ မျက်စီ laser treatment ယူတဲ့ ပရိုမိုးရှင်းလိုမျိုးမှာ ငွေပြန်လည်ထုတ်ယူမှုတွေအတွက် ကြိုတင်မပြင်ဆင်ခဲ့မိဘူး။ ဒါကြောင့် post-IPO 2013 မှာ ရှယ်ယာစျေးနှုန်း $9 ကနေ $4 ထက်ဝက်ကြော်ကျသွားတယ်။ ဒါကြောင့် ကိုယ့် Business Model အလုပ်ဖြစ်မဖြစ်ကိုလဲ ပြန်ဆန်းစစ်ရတယ်။
2. Pay-in-advance Model
ငွေကြိုပေးရတဲ့ စီးပွားရေးပုံစံဖြစ်ပြီး Costo တို့လို စူပါမားကတ်တွေမှာအသုံးပြုတယ်။ အသင်းဝင်ဖြစ်ဖို့ နှစ်စဥ်ကြေးပေးထားရပြီး ဒီအတွက်လဲ ထိုက်တန်တဲ့ ပရိုမိုးရှင်းတွေ၊ မတူညီတဲ့ ကုန်ပစ္စည်းတွေပေါ်က စျေးလျော့ပေးတဲ့ ခံစားခွင့်တွေရတယ်။ ဒီအသင်းဝင်ကြေးငွေတွေကတဆင့် လုပ်ငန်းလည်ပတ်မှုအတွက် အသုံးပြုလို့ရတယ်။
Dell ကွန်ပြူတာအနေနဲ့လဲ ဒီပုံစံအတိုင်းစခဲ့တယ်။ မိုက်ကယ်ဒဲအနေနဲ့ ကျောင်းတက်နေရင်း ဖောက်သည်တိုက်ရိုက်ဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကိုခြွေတာလို့ရသလို၊ စက်ရုံတိုက်ရိုက်ကို ထုတ်ပြီးမှပေးတဲ့အတွက် ကြားကငွေနဲ့ လုပ်ငန်းချဲ့သွားလို့ရတယ်။
3. Subscription Model
လစဥ်ကြေးစနစ်ကိုတော့ အသုံးပြုကြတာများပြီး India က TuitionVista တို့ဆိုလဲ ဒီစနစ်နဲ့သွားတယ်။ SaaS လို့ခေါ်တဲ့ Software as a service ပုံစံပေါ့။ ကုန်ပစ္စည်းကိုရောင်းတာမဟုတ်ပဲ ငှားစားတဲ့သဘောပေါ့။ Akyanpay ဆိုလဲ အဲ့ဒီပုံစံသွားတယ်။ နောက် Content Library တွေဖြစ်တဲ့ Dream Lab နဲ့ Toe Tet (တိုးတက်) ဆိုလဲ ဒီလစဥ်ကြေးပုံစံနဲ့ပဲသွားတယ်။
4. Scarcity Model
ခုမဝယ်ရင် နောက်နောင်တရလိမ့်မယ် မော်ဒယ်။ Zara တို့လို fast-fashion brand တွေက အသုံးပြုတယ်။ တစ်သုတ်၊ တစ်သုတ်ပြီးသွားရင် အသစ်ဖြစ်သွားပြီ။ ရှားပါးမှုပေါ်အခြေခံတယ်။
5. Service-to-Product Model
သာကောရဲ့ တစ်ခါတည်ဆောက်၊ နေ့တိုင်းရောင်း။ Build it for once and sell it every day နဲ့လဲကိုက်တယ်။ LOL .. ဥပမာ Microsoft ဆို IBM အတွက် Operating System လုပ်ပေးတဲ့ ဝန်ဆောင်မှုနဲ့စခဲ့တယ်။ နောက်ပိုင်း ကိုယ်တိုင် Product ထုတ်သွားတယ်။ တနည်းအားဖြင့် ကိုယ့်ဝန်ဆောင်မှုကို productize အနေနဲ့ ပြောင်းတာမျိုးပေါ့။ ဥပမာ ကိုယ်က personal branding လုပ်ပေးတဲ့ ဝန်ဆောင်မှုပေးတယ်ဆိုပါတော့။ ဝန်ဆောင်မှုပေးတာများလာတဲ့အခါ ဒါကို framework စနစ်ထုတ်၊ နောက်ဒီစနစ်ကို ကုန်ပစ္စည်းအနေနဲ့ပြောင်းလို့ရတယ်။ အလွယ်ကူဆုံးပြောရရင် အရင် Marketing 101 နဲ့ Guerrilla Marketing Plan (GMP) ဆို အပြင်သင်တန်းဖွင့်တယ်။ ဒါက ဝန်ဆောင်မှု။ ဒါကို video ရိုက်နောက် editing လုပ်ပြီး online program အဖြစ်ပြောင်းတယ်။ ဒါကလဲ service-to-product model ကိုပိုမြင်သာစေတဲ့ ဥပမာပဲ။
လုပ်ငန်းတစ်ခုလုပ်ဖို့ အရေးအကြီးဆုံးက ကိုယ့်ကို ပိုက်ဆံပေးမည့်ဖောက်သည်။ လုပ်ငန်းမစခင်မှာ ထင်ထားတာနဲ့ စျေးကွက်ကဖြစ်လာတာမှာ ဆုံးဖြတ်ပေးသူက ဖောက်သည်ပဲ။ ဒါကြောင့် လုပ်ငန်းစတင်တဲ့အချိိန်မှာ တခြားသူတွေဆီက ရင်းနှီးမြုပ်နှံမှုယူတာထက် ကိုယ့်ရဲ့ လုပ်ငန်းလမ်းကြောင်းပေါ်ရောက်ဖို့ customer-financing နဲ့ အရင်ကြီးအောင်လုပ်ပြီးမှ နောက်တစ်ဆင့်မှ ယူတာပိုကောင်းနိုင်တဲ့ မော်ဒယ်တစ်ခုပဲ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay