ကိုယ်ရူးသွပ်တဲ့ အလုပ်ကို
ကျန်းကျန်းမာမာနဲ့ လုပ်ခွင့်ရှိပြီး
ကိုယ်မွေးဖွားခဲ့တဲ့ နေရာကလူတွေအတွက်
အကျိုးပြန်ရှိအောင် လုပ်ဆောင်ပေးရင်း
အသက်မွေးဝမ်းကြောင်းပြုခွင့်ရတဲ့အတွက်
ကံတရားကို ကျေးဇူးတင်မိတယ်။
ဘဝမှာ ကိုယ့်ကိုမွေးဖွားခဲ့တဲ့အဖေ၊ အမေ။
လမ်းညွှန်ပြသပေးခဲ့တဲ့ သင်ဆရာ၊
မြင်ဆရာ၊ ကြားဆရာ။
ကိုယ်ရူးသွပ်တဲ့အလုပ်တွေကို
မြန်ဆန်စွာလုပ်နိုင်အောင် ဖန်တီးပေးတဲ့
နည်းပညာတီထွင်သူတွေ။
အမှားတွေ ထပ်မမှားရအောင်
ပြသပေးတဲ့ သိပ္ပံပညာရှင်တွေ၊
စာရေးဆရာတွေ။
ဖြစ်တည်မှုရဲ့ အမှန်တရားကို
လမ်းပြပေးတဲ့ မြတ်ဗုဒ္ဓ။
ကိုယ်တည်ဆောက်ချင်တဲ့
လူမှုအဖွဲ့အစည်းအတွက်
ယုံကြည်မှုအတွက်
ကိုယ်ကျိုးစွန့် အနစ်နာခံပြီး
လူမုန်းခံပြီး လုပ်ဆောင်ပေးနေတဲ့
ညီအစ်ကို မောင်နှမတွေ။
လူတွေစားသောက်နိုင်အောင်
စိုက်ပျိုးထွန်ယက်ပေးနေတဲ့
တောင်သူလယ်သမားနဲ့
ကျန်းမာရေးအတွက်
စိတ်ရင်းစေတနာနဲ့
အစောင့်အရှောက်ပြုနေတဲ့
ကျန်းမာရေး ဝန်ထမ်းတွေ။
ကမ္ဘာစစ်တွေကြား၊
ပလိပ်ရောဂါတွေ၊
အနူရောဂါ အနာကြီးရောဂါဘေး
မကျရောက်ပဲ လည်ပတ်နေနိုင်တဲ့အချိန်မှာ
ကိုယ့်အလုပ်တွေကို
နောက်မျိုးဆက်တွေအတွက်
ဖန်တီးခွင့်ရတာ ကျေးဇူးတင်စရာပါ။
ဘုရားဟောနဲ့ ဆန့်ကျင်တဲ့ဆိုတဲ့
အယူအဆနဲ့ ပိတ်ပင်ခဲ့ပေမယ့်
အတွေးအခေါ်သစ် New Thought Movement ကို
မြန်မာတွေအတွက် အတွေးသစ်
အမြင်သစ်ဖွင့်ပေးခဲ့ပြီး
ငယ်ငယ်က ကိုးတန်း၊ ဆယ်တန်းမှာပါ
သင်ကြားခဲ့ရတဲ့ အားလပ်သောအချိန်ကလေးများ
ရေးသားခဲ့တဲ့ ဆရာကြီး ပီမိုးနင်း။
အားလုံးက ကျေးဇူးတင်စရာတွေပါ။
Phyo Paing @ Derek