လုပ်ရပ်ထက်
လူဖြစ်ရပ်က ပိုအရေးကြီးပါတယ်။
တရုတ်မှာ စကားပုံ ရှိပါတယ်။
“做人比做事重要”
အလုပ်လုပ်တတ်တာထက်
လူဖြစ်တတ်တာ ပိုအရေးကြီးတယ်။
ကျွန်တော် ငယ်ငယ်တုန်းက မယုံခဲ့ပါဘူး။
အလုပ်တတ်ရင် ရပြီလို့ ထင်ခဲ့တယ်။
ကျွမ်းကျင်ရင် ရပြီလို့ ထင်ခဲ့တယ်။
ရလဒ် ထုတ်ပေးနိုင်ရင် လုံလောက်ပြီလို့ ထင်ခဲ့တယ်။
မလုံလောက်ပါဘူး။
လုပ်ငန်းရှင် ၅၂၀ ကျော် coaching လုပ်ပေးခဲ့ပြီးနောက်
ထပ်ခါထပ်ခါ မြင်ရတဲ့ pattern ရှိပါတယ်။
အလုပ်တော်ပေမယ့် team မမြဲဘူး။
ရောင်းအား ကောင်းပေမယ့် partner ရှာမရဘူး။
ဉာဏ်ကောင်းပေမယ့် ဘယ်သူမှ မကူညီချင်ဘူး။
ဘာကြောင့်လဲ ဆိုတော့
အလုပ်တတ်တယ်။
ဒါပေမယ့် လူဖြစ်တတ်ခြင်း မရှိဘူး။
လူဖြစ်တတ်တယ်ဆိုတာ ဘာလဲ။
ပထမ — နားထောင်တတ်တာ။
လူအများစု စကားပြောတယ်။
ဒါပေမယ့် နားမထောင်ဘူး။
တစ်ဖက်သား ပြောနေချိန်
ကိုယ့်ဘက်က ဘာပြန်ပြောမလဲ ပြင်ဆင်နေတယ်။
ဒါ နားထောင်တာ မဟုတ်ပါဘူး။
အလှည့်စောင့်နေတာပါ။
တကယ် နားထောင်တတ်တဲ့သူ ရှားပါတယ်။
ဒါကြောင့် တကယ် နားထောင်တတ်တဲ့သူကို
လူတိုင်း ယုံကြည်ချင်ပါတယ်။
ဒုတိယ — ကတိတည်တာ။
ပြောတာ လွယ်ပါတယ်။ လုပ်တာ ခက်ပါတယ်။
“ငါ လုပ်ပေးမယ်” ပြောပြီး မလုပ်တဲ့သူ
တစ်ခါ နှစ်ခါ ရပါတယ်။
သုံးခါ ဖြစ်ရင် — ယုံကြည်မှု ပြတ်ပါပြီ။
ယုံကြည်မှု တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ ကြာပါတယ်။
ပျက်ဖို့ တစ်ခါတည်း လုံလောက်ပါတယ်။
တတိယ — အကျိုးခံစားခွင့် မျှဝေတတ်တာ။
တစ်ယောက်တည်း နိုင်ချင်တဲ့သူ
ခဏ နိုင်ပါတယ်။
အတူတူ နိုင်ချင်တဲ့သူ
ကြာကြာ နိုင်ပါတယ်။
Liu Bang က ဘာကြောင့် ဘုရင် ဖြစ်ခဲ့သလဲ ဆိုတော့
နိုင်ရင် မျှဝေခဲ့လို့ပါ။
Xiang Yu က ဘာကြောင့် ဆုံးရှုံးခဲ့သလဲ ဆိုတော့
တစ်ယောက်တည်း ယူခဲ့လို့ပါ။
ဒါကတော့ တရုတ်သမိုင်းမှာ
နာမည်ကြီးသင်ခန်းစာပါ။
စတုတ္ထ — အမှားကို ဝန်ခံတတ်တာ။
“ငါ မှားတယ်” ပြောရဲတဲ့ ခေါင်းဆောင်ကို
လူတွေ ပိုလေးစားပါတယ်။
“ငါ ဘယ်တော့မှ မမှားဘူး” ပြောတဲ့ ခေါင်းဆောင်ကို
လူတွေ ကြောက်ပါတယ်။ ဒါပေမယ့် မလေးစားပါဘူး။
ကြောက်လို့ လိုက်နာတာနဲ့ လေးစားလို့ လိုက်နာတာ
ရလဒ် မတူပါဘူး။
ပဉ္စမ — ကျေးဇူးသိတတ်တာ။
ဒါ ရိုးရှင်းပါတယ်။
ဒါပေမယ့် ဒါ လုပ်တဲ့သူ နည်းပါတယ်။
ကူညီပေးတဲ့သူကို မှတ်မိပါ။
ပံ့ပိုးပေးခဲ့တဲ့သူကို ပြန်ပံ့ပိုးပါ။
“ကျေးဇူးတင်ပါတယ်” ပြောပါ။ ရိုးရိုးသားသား ပြောပါ။
အလုပ်တတ်တဲ့သူ ဘယ်မှာမဆို ရှာလို့ ရပါတယ်။
လူလုပ်တတ်တဲ့သူ ထင်သလောက်မပေါပါတယ်။
အလုပ်လုပ်တတ်ရုံနဲ့ လူတွေ လိုက်မလာပါဘူး။
လူဖြစ်တတ်မှ လူတွေ ကိုယ့်ဘက် လိုက်ပါလာပါတယ်။
做人比做事重要။
Phyo Paing @ Derek