ဒီနေ့ခေတ် Social Media တွေကို အသုံးပြုပြီး marketing လုပ်တဲ့အခါ content marketing လုပ်ကြတယ်။ ဥပမာ ဒီစာဆိုလဲ content ပဲ။ Content တိုင်းက Marketing မဖြစ်ဘူး။ Marketing ရည်ရွယ်ချက်ကိုရောက်မှ content marketing ဖြစ်တယ်။
Content Marketing လို့ပြောလိုက်ရင် နိုင်ငံခြားဆောင်းပါးတွေဖတ်။ ဘာသာပြန်မယ်။ လိုက်နာရမည့် သုံး ချက်။ လေးချက်။ ငါးချက်။ ဒါမျိုးရေးလိုက်ရင်ပြီးပြီလို့ ထင်တတ်ကြတယ်။ Content Marketing ဆိုတာ သေချာလုပ်တတ်ရင် အနှစ်သာရ အရမ်းရှိတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ Content Marketing ဆိုတာ ယုံကြည်မှုတည်ဆောက်ရေးဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီလို ယုံကြည်မှုရရှိဖို့အတွက် ကိုယ်ရောင်းတဲ့ ကုန်ပစ်စည်းနဲ့ ပတ်သက်လာရင် ဆရာကျနေဖို့လိုသလို၊ ဆရာကျနေတာကို လူသိဖို့လိုပါတယ်။ နောက်ပြီး ကိုယ့်အနေနဲ့ လူအများစုလုပ်မိနေတဲ့ မှားနေတဲ့အရာတွေ၊ မသိသေးတဲ့အရာတွေ၊ အမှုမဲ့ အမှတ်မဲ့ဖြစ်နေတဲ့အရာတွေကို သိသွားအောင် လုပ်ပေးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
သာမာန် content marketing သမားတွေက သတင်းတွေ မျှဝေကြတယ်။ နောက်တစ်ဆင့်ရောက်သွားရင် actionable steps ချက်ချင်းလုပ်ဆောင်လို့ရတဲ့ လွယ်ကူတဲ့အရာတွေမျှဝေကြတယ်။ နောက်တစ်ဆင့်က thought leader လို့ခေါ်တဲ့ ဆရာကျတဲ့ လမ်းပြကြယ်အဆင့်ပေါ့။ ဒီအဆင့်ကျော်လွန်သွားရင် ပုံပြင်တွေပြော၊ လူတွေယုံကြည်တဲ့ story-teller အဆင့်ဖြစ်သွားတယ်။ ပုံပြင်တွေဖန်တီးတယ်။ ပုံပြင်ဆိုတာ လူတွေပြောစရာဖြစ်စေတဲ့ topic တွေဖြစ်အောင် ဖန်တီးတဲ့အဆင့်ဖြစ်လာတယ်။
Content Marketing ကောင်းကောင်းလုပ်ဖို့ စာအများကြီးရေးမှရမယ်ဆိုတာ မမှန်ဘူး။ စာရေးပြီးပဲ content marketing လုပ်လို့ရတယ်ဆိုတာလဲ မမှန်ဘူး။ ဓာတ်ပုံတစ်ပုံကလဲ content တစ်ခုပဲ။ စာတစ်ကြောင်းကလဲ content တစ်ခုပဲ။ 16 စက္ကန့် video တစ်ခုကလဲ content တစ်ခုပဲ။
အရေးကြီးတာ တစ်ခုက content marketing စလုပ်မယ်ဆို ကြိုက်သလို စလို့ရပေမယ့် အောင်မြင်ဖို့အတွက်ဆိုရင် ကိုယ့် audience ကို သေချာသိမှရမယ်။ ကိုယ့်ရဲ့ရပ်တည်ချက်ကို သိရမယ်။ ကိုယ့်အမှတ်တံဆိပ်က ဘာအတွက်ရပ်တည်နေလဲဆိုတာသိရမယ်။ ကိုယ့် industry ကို သိရမယ်။
Like တွေ Share တွေများတာ အောင်မြင်မှုလား။ Like များတိုင်း၊ Share များတိုင်း အောင်မြင်တယ်လို့ ပြောလို့မရဘူး။ အဖော်အချွတ်တွေပြီး ယင်ကောင်တွေခေါ်တဲ့ brand နဲ့ ဂုဏ်သိက္ခာရှိရှိသွားတဲ့ brand နဲ့ တန်ဖိုးချင်းမတူသလိုပဲ ဖြန့်တိုင်းကောင်းတာမဟုတ်ဘူး။ ကိုယ်သတ်မှတ်ထားတဲ့ ပုရိသတ်ရောက်ပြီး သူတို့စိတ်ထဲမှာ ကိုယ်ပေးချင်တဲ့ message ကို မှတ်မိရင် ဒါအောင်မြင်တာပဲ။ နောက်ပြီး content marketing လုပ်တာကြာလာတဲ့အခါ style ဆိုတာကို ကိုယ့်ပုရိသတ်တွေ မှတ်မိလာမယ်။
Content Marketing က သူစိမ်းကို ပုရိသတ်၊ ပုရိသတ်ကို ဝယ်သူ၊ ဝယ်သူကို ဖောက်သည်၊ ဖောက်သည်ကို ဝက်ဝက်ကွဲအားပေးတဲ့ raving fans အနေနဲ့ အပြောင်းအလဲလုပ်ပေးနိုင်တယ်။ ဒါကြောင့် content marketing ကို လျော့မတွက်ပါနဲ့။
Phyo Paing @ Derek