Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ခဏခဏ တွေးပါ။ယုံကြည်တွေးပါ။

သူများတော့ မသိဘူး။
ဘဝမှာတော့ သေချာ ခဏခဏတွေးနေရင်၊
တကယ့်ကို ရမယ်လို့လည်း ယုံယုံကြည်ကြည်ရှိနေရင်၊
တဖြည်းဖြည်း ဘဝထဲ ရောက်လာတတ်တယ်။

Thought → Attention → Perception Filter →
Behavior Pattern → Environmental Selection → Outcome

အတွေး → အာရုံ → အထင်အမြင်ကန့်သတ်ချက် →
အပြုအမူ → ပတ်ဝန်းကျင်ရွေးချယ်မှု → ရလဒ်

အတွေးတွေက အရေးကြီးတယ်။

Neuroscience အရဆို
Reticular Activating System (RAS) ဆိုတာ
ဦးနှောက်ထဲက အာရုံစစ်ထုတ်ပေးတဲ့ system တစ်ခုပါ။

ကိုယ်ယုံကြည်တာကိုပဲ အာရုံစိုက်မိတာပေါ့။

ကားအဝါရောင်တစ်စီး ဝယ်လိုက်တာနဲ့
လမ်းပေါ်မှာ အဝါရောင်ကားတွေ
ရုတ်တရက် များလာသလို ထင်ရတာမျိုးပဲ။

ကားတွေ များလာတာ မဟုတ်ဘူး။
ကိုယ့်ဦးနှောက်က ခုမှ မြင်တာ။

ဗုဒ္ဓဘာသာအရဆို မနသိကာရ (Manasikāra) ဆိုတာ
နှလုံးသွင်းပုံပါ။

နှလုံးသွင်းပုံ မှန်ရင် ယောနိသောမနသိကာရ။
နှလုံးသွင်းပုံ မှားရင် အယောနိသောမနသိကာရ။

ဘုရားရှင်က မိန့်ကြားထားတာ ရှိတယ်။

“မနောပုဗ္ဗင်္ဂမာ ဓမ္မာ”

တရားအလုံးစုံတို့သည် စိတ်လျှင် ရှေ့သွားရှိ၏တဲ့။
ဓမ္မပဒရဲ့ ပထမဆုံးဂါထာ။

နှစ်ပေါင်း ၂၅၀၀ ကျော်ကြာပြီးတော့မှ
neuroscience က RAS ဆိုပြီးအထောက်အထားရှိလာတယ်။

ဒါပေမဲ့ အတွေးသက်သက်နဲ့
ဘဝပြောင်းတယ်ဆိုတာ မဟုတ်သေးဘူး။

Affirmation ကို နံနက်တိုင်း ထထပြီး
“ငါချမ်းသာမယ်”
ဆိုပြီး ရွတ်တိုင်း ရွတ်တိုင်း ချမ်းသာလာတာ မဟုတ်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ chain က
အဆုံးထိ မရောက်လို့။

အတွေးက အာရုံကို ပြောင်းတယ်။
အာရုံက အမြင်ကို ပြောင်းတယ်။
အမြင်က အပြုအမူကို ပြောင်းတယ်။
အပြုအမူက ပတ်ဝန်းကျင်ကို ပြောင်းတယ်။
ပတ်ဝန်းကျင်က ရလဒ်ကို ပြောင်းတယ်။

ကြားထဲက step တွေ ကျော်လို့မရဘူး။

“ငါ စီးပွားရေးသမားတစ်ယောက် ဖြစ်မယ်”
လို့ တွေးရုံနဲ့ မရဘူး။
အဲ့ဒီအတွေးက ကိုယ့်အာရုံကို
စီးပွားရေးသတင်း၊ စီးပွားရေးသမားတွေ၊
စီးပွားရေးအခွင့်အလမ်းတွေဆီ ဦးတည်စေရမယ်။

အဲ့ဒီအာရုံက ကိုယ့်ကို တကယ် အရေးယူဆောင်ရွက်စေရမယ်။

မက်ဆေ့ပို့ရမယ်။
စကားပြောရမယ်။
စမ်းသပ်ရမယ်။

အဲ့ဒီအပြုအမူက ကိုယ့်ပတ်ဝန်းကျင်ကို
ပြောင်းသွားစေရမယ်။

စီးပွားရေးသမားတွေ ပိုဝိုင်းလာမယ်။
စီးပွားရေးစကားတွေ ပိုကြားရမယ်။
စီးပွားရေး context ထဲ ပိုရောက်လာမယ်။

ဒီအခါမှ ရလဒ်က ရောက်လာတာ။

ဒါက Law of Attraction လောကဆွဲအား ဆိုတာထက်
Law of Attention လောကအာရုံ လို့ ပြောတာ ပိုနီးတယ်။

စကြာဝဠာက ကိုယ့်အတွေးကို
နားထောင်နေတာ မဟုတ်ဘူး။
ကိုယ့်ဦးနှောက်က
ကိုယ့်အတွေးကို နားထောင်နေတာ။

ပြီးတော့ ဒီဦးနှောက်ပြောင်းမှုကနေတဆင့်
ကိုယ့်အပြုအမူ ပြောင်းတယ်။
အပြုအမူပြောင်းမှ ဘဝပြောင်းတာ။

အတွေးက အစ။
ဒါပေမဲ့ အတွေးက အဆုံးမဟုတ်ဘူး။

ဘဝပြောင်းချင်ရင် အတွေးကို ပြောင်းပါ။

ပြီးရင် အတွေးကို သေချာတွေးပါ။
ခဏခဏ တွေးပါ။
ယုံကြည်တွေးပါ။

နောက် အပြုအမူအဖြစ်
တကယ်ဖြစ်လာတဲ့အထိ စောင့်ကြည့်ပါ။
Chain ရဲ့ နောက်ဆုံးထိ ရောက်အောင်
တွန်းတင်ပေးပါ။

Phyo Paing @ Derek

Share Your Idea!​