နားမလည်ရင် မှားမယ်။
ဘယ်လောက် ကြိုးစားကြိုးစား။
လူအများစုက မှားရင်
“ငါ မကြိုးစားလို့” ထင်တယ်။
ပိုကြိုးစားတယ်
ပိုအချိန်ပေးတယ်
ပိုအားစိုက်တယ်
ပြီးရင် ထပ်မှားတယ်။
ဘာကြောင့်လဲဆိုတော့
ကြိုးစားမှု မလုံလောက်လို့ မဟုတ်ဘူး
နားလည်မှု မလုံလောက်လို့ ဖြစ်ပါတယ်။
နားမလည်ဘဲ ကြိုးစားတာ
မှားတဲ့ လမ်းပေါ်မှာ အမြန်ပြေးနေတာနဲ့ အတူတူပါ
ပိုမြန်လေ ပိုဝေးလေ။
ဘယ်နေရာတွေမှာ နားမလည်လို့ မှားတတ်လဲ။
ဆက်ဆံရေးမှာ —
ချစ်သူကို နားမလည်ဘူး ဆိုရင်
ချစ်ပေမယ့် နာကျင်စေတယ်
ကူညီချင်ပေမယ့် ဖိအားပေးမိတယ်
ပြောချင်ပေမယ့် ဝေဖန်သလို ဖြစ်သွားတယ်
“ငါ ချစ်လို့ ပြောတာ” ဆိုပေမယ့်
ပြောပုံ ပြောနည်း ကို နားမလည်ရင်
ချစ်ခြင်းက ဒဏ်ရာ ဖြစ်သွားတယ်။
ဝန်ထမ်းကို နားမလည်ဘူး ဆိုရင်
မြဲစေချင်ပေမယ့် ထွက်သွားတယ်။
လစာ တိုးပေးပေမယ့် ပျော်ရွှင်မှု မရှိဘူး။
ချီးကျူးပေမယ့် ယုံကြည်မှု မရဘူး။
“ငါ စီမံခန့်ခွဲတယ်” ဆိုပေမယ့်
လူကို နားမလည်တဲ့ စီမံခန့်ခွဲမှုက
ထိန်းချုပ်မှု ဖြစ်သွားတယ်။
လုပ်ငန်းမှာ —
ဖောက်သည်ကို နားမလည်ဘူး ဆိုရင်
ကောင်းတဲ့ ပစ္စည်း လုပ်ပေမယ့် ဘယ်သူမှ မဝယ်ဘူး
ကြော်ငြာ လုပ်ပေမယ့် ဘယ်သူမှ စိတ်မဝင်စားဘူး
ဈေး ချပေမယ့် ဘယ်သူမှ မလာဘူး
“ငါ့ ပစ္စည်း ကောင်းတယ်” ဆိုပေမယ့်
ဖောက်သည် ဘာ လိုချင်လဲ နားမလည်ရင်
ကောင်းတာ ရောင်းလို့ မရဘူး။
ဈေးကွက်ကို နားမလည်ဘူး ဆိုရင်
မှန်တဲ့ ပစ္စည်းကို
မှားတဲ့ အချိန်
မှားတဲ့ နေရာ
မှားတဲ့ လူ ရှေ့မှာ ရောင်းမိတယ်။
ဒါ ပစ္စည်း ပြဿနာ မဟုတ်ဘူး
နားလည်မှု ပြဿနာ ဖြစ်တယ်။
ကိုယ့်ကိုကိုယ်မှာ —
ကိုယ့်ကိုကိုယ် နားမလည်ဘူး ဆိုရင်
ဘာ ကြိုက်လဲ မသိဘူး
ဒါပေမယ့် လူအများလုပ်သလိုလိုက်လုပ်မိတယ်။
ဘာ လိုချင်လဲ မသိဘူး
အများဆုံးလိုချင်တာ လိုချင်မိမယ်။
ဘာ ကြောက်လဲ မသိဘူး
ဒါပေမယ့် ဆုံးဖြတ်ချက် ချနေတယ်။
ကိုယ့်ကိုကိုယ် မသိဘဲ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက် တိုင်း
ကိုယ့်ကို မှားတဲ့ နေရာ ခေါ်သွားနိုင်တယ်။
ပိုကြိုးစားလေ ပိုဝေးလေ
ဘာကြောင့်လဲ ဆိုတော့ ဦးတည်ရာ ကိုယ်တိုင် မသိလို့ပါ။
— ဒါဆိုရင် နားလည်မှု ဆိုတာ ဘာလဲ —
နားလည်မှု ဆိုတာ
“ဘာကြောင့်” ကို သိတာ ဖြစ်တယ်။
“ဘာ” သိရုံ မလုံလောက်ဘူး
“ဘယ်လို” သိရုံ မလုံလောက်ဘူး
“ဘာကြောင့်” သိမှ နားလည်တယ်။
ဝန်ထမ်း ထွက်သွားတယ် — ဒါ “ဘာ”
resume ပိုကောင်းတဲ့ သူ ခေါ်တယ် — ဒါ “ဘယ်လို”
ဘာကြောင့် ထွက်သွားလဲ — ဒါ “နားလည်မှု”။
“ဘာကြောင့်” ကို မသိရင်
“ဘယ်လို” ဖြေရှင်းပေမယ့်
ပြဿနာ ထပ်ဖြစ်မယ်
ဘာကြောင့်လဲ ဆိုတော့ အမြစ်ကို မထိလို့။
ဒါ 5-Why ရဲ့ သဘော ဖြစ်တယ်
ဘာကြောင့်လဲ ၅ ခါ မေးရင်
အမြစ် ထိတယ်
အမြစ် ထိရင် ပြဿနာ ပြေလည်တယ်။
နားလည်မှု ရဲ့ အဆင့် ၃ ဆင့်ကိုခွဲခြားပြရရင်
ပထမ — ကိုယ့်ကိုကိုယ် နားလည်ပါ
Socrates ပြောခဲ့ပါတယ်
“ကိုယ့်ကိုကိုယ် သိပါ” လို့
ကိုယ့် ကြောက်ရွံ့မှု ဘာလဲ
ကိုယ့် trigger ဘာလဲ
ကိုယ့် pattern ဘာလဲ
ကိုယ့် bias ဘာလဲ
ဒါတွေ မသိဘဲ
တစ်ခြားသူကို နားလည်ဖို့ ကြိုးစားတာ
ညစ်ပတ်နေတဲ့ မှန်နဲ့ ပတ်ဝန်းကျင် ကြည့်နေတာနဲ့ အတူတူပါ
ဘာမြင်မြင် ညစ်ပတ်နေမယ်။
မှန်ကို အရင် သန့်ရှင်းရမယ်
ကိုယ့်ကိုကိုယ် အရင် နားလည်ရမယ်။
ဒုတိယ — လူတွေကို နားလည်ပါ။
လူတွေ ပြောတာ နားထောင်ရုံ မလုံလောက်ဘူး
လူတွေ ဘာကြောင့် ဒီလို ပြောလဲ သိဖို့ လိုတယ်။
“စဉ်းစားလိုက်ဦးမယ်” ပြောရင်
စဉ်းစားမယ် မဟုတ်ဘူး
ဝယ်ဖို့ အကြောင်းပြချက် မလုံလောက်သေးတာ ဖြစ်နိုင်တယ်
“ဘာမှ မဖြစ်ပါဘူး” ပြောရင်
ဘာမှ မဖြစ်ဘူး မဟုတ်ဘူး။
ဖြစ်ပေမယ့် ပြောဖို့ မလိုအပ်ဘူး ထင်နေတာ ဖြစ်နိုင်တယ်။
စကား ကို နားထောင်ရုံ — ဒါ hearing
စကား နောက်ကွယ်ကို ဖတ်တတ် — ဒါ understanding
Hearing နဲ့ understanding ကွာတယ်
ပထမတစ်ခုက အသံ ကြားတယ်
ဒုတိယတစ်ခုက အဓိပ္ပာယ် ဖတ်တတ်တယ်။
တတိယ — ဘဝကို နားလည်ပါ
ဘဝရဲ့ သဘာဝကို နားမလည်ရင်
ဘဝက ပေးတဲ့ အရာတိုင်းကို
ကိုယ့် ပုဂ္ဂိုလ်ရေး အဖြစ် ယူမိတယ်
ရှုံးရင် — “ငါ မကောင်းလို့”
ကံဆိုးရင် — “ငါ့ ဘဝ ဒီလိုပဲ”
ခက်ခဲရင် — “ငါ့ကို ဖိနှိပ်နေတယ်”
ဒါပေမယ့်
အနိစ္စ သိရင် — “ဒါ ပြီးသွားလိမ့်မယ်”
ဒုက္ခ သိရင် — “ဒါ ဘဝရဲ့ ဖွဲ့စည်းပုံ”
ကံ သိရင် — “ဒါ ငါ့ လုပ်ရပ်ရဲ့ ရလဒ်”
ဘဝကို နားလည်ရင်
ဘဝ မပြောင်းပေမယ့်
ဘဝကို ကိုင်တွယ်ပုံ ပြောင်းသွားတယ်။
ဒါ ဗုဒ္ဓ ဟောကြားခဲ့တဲ့
“ပညာ” ရဲ့ အနှစ်သာရ ဖြစ်တယ်
ပညာ ဆိုတာ
စာအုပ် အများကြီး ဖတ်တာ မဟုတ်ဘူး
အကြောင်းအကျိုး ကို မြင်နိုင်တာ ဖြစ်တယ်။
လက်တွေ့ ကျင့်သုံးနည်းကတော့
ရိုးရှင်ပါတယ်။
ဆုံးဖြတ်ချက် ချမတုန်းခင်
ဒီ မေးခွန်း ၃ ခု မေးပါ —
“ငါ ဒီ ကိစ္စ ကို တကယ် နားလည်ပြီးပြီလား”
“ငါ မသိသေးတာ ဘာ ရှိနိုင်သေးလဲ”
“ငါ ဒီလို ယူဆနေတာ bias ကြောင့် ဖြစ်နိုင်လား”
ဒီ ၃ ခု စစ်ဆေးပြီးမှ ဆုံးဖြတ်ရင်
မှားနိုင်ခြေ သိသိသာသာ နည်းသွားတယ်။
ဘာကြောင့်လဲ ဆိုတော့
မှားတာ အများစုက
မသိဘဲ ယူဆ ချလိုက်တာ ကြောင့် ဖြစ်လို့။
ပြီးရင် “ငါ ကြိုးစားရုံ ကြိုးစားရင် ရမယ်” ထင်တယ်။
တကယ်က ကြိုးစားမှု အရေးကြီးတယ်
ဒါပေမယ့် နားလည်မှု မပါတဲ့ ကြိုးစားမှုက
မှားတဲ့ လမ်းပေါ်မှာ အမြန်ပြေးနေတာ ဖြစ်တယ်
ကြိုးစားမတုန်းခင် နားလည်ပါ။
နားလည်ပြီးမှ ကြိုးစားပါ။
ဒီ ၂ ခု အစီအစဉ် ပြောင်းရုံနဲ့
ရလဒ် ပြောင်းသွားတယ်။
နားမလည်ရင် မှားမယ်
ဘယ်လောက် ကြိုးစားကြိုးစား။
နားလည်ရင်
ကြိုးစားတာ နည်းနည်းနဲ့တောင်
မှန်တဲ့ နေရာ ရောက်နိုင်တယ်။
ဒါ ပညာရဲ့ စွမ်းအား ဖြစ်တယ်။
Phyo Paing @ Derek