လူတွေက အချစ်ကိုရှာတဲ့အခါ
ငယ်ငယ်က ကိုယ့်စိတ်ကူးထဲမှာ
လိုချင်တဲ့ အဖေ
ဒါမှမဟုတ် အမေရဲ့ပုံစံရှာတတ်ကြတယ်။
အိမ်မှာ ဒရာမာတွေ များလေလေ၊
ဒရာမာတွေ များလေလေ
အချစ်ကို ကိုးကွယ်တတ်လေလေပဲ။
တချို့ အိမ်မှာ
“စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်
အရမ်းပြည့်စုံတော့”
အချစ်ဆိုတာ အရမ်းမတောင့်တ တတ်ကြဘူး။
တချို့က အကုန်လုံးပြီးပြည့်စုံနေလဲ
“စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် မပြည့်စုံတဲ့အခါ”
အချစ်ကို ပိုကိုးကွယ်တတ်ကြတယ်။
ဘာကြောင့်လဲဆိုတော့
လူတိုင်း ကမ္ဘာလောကထဲကို
မျက်စိသူငယ်နားသူငယ်နဲ့ ရောက်လာပြီး
အားကိုးရှာတဲ့အခါ
အဖေ ဒါမှမဟုတ် အမေ၊
အဒေါ်တို့ဆီက အားကိုးမှုယူကြတယ်။
ဒီပေါ်မှာ မူတည်ပြီး
လောကကို မြင်တဲ့ အမြင်တွေ ဖြစ်လာတတ်တယ်။
နောက်မိဘ၊ အဘိုးအဘွားရဲ့
မျိုးရိုးဗီဇကလဲ ပါမယ်။
လူတွေရဲ့ စိတ်က ထူးဆန်းတတ်တယ်။
မသိမသာ လေ့လာကြည့်ရင်
လူတွေမှာ သူတို့ ပြောနေတဲ့ပုံပြင်တွေရှိတတ်တယ်။
တချို့က အမြဲ ခံရတဲ့ဖက်ကကြီး။
တချို့က အမြဲ ကြေကွဲနေတယ်။
တချို့က အမြဲ တက်ကြွနေတယ်။
တချို့က အချစ်နဲ့စတွေ့ရင် အရမ်းတက်ကြွ။
နောက်ပိုင်း အကြောင်းစုံသိလာတဲ့အခါ
တက်ကြွမှုတွေ နည်းလာတယ်။
တချို့က ဖြေးဖြေးမှန်မှန် နားလည်မှု။
တချို့က အချစ်ကို မယုံကြည်ဘူး။
တချို့က အမြဲ backup plan ထားထားမှ
ဘဝကြီး စိတ်ချရတာမျိုး။
တချို့က ယုံမှတ်ပြီး ပုံစံလိုက်မယ်။
သူကပဲ ကိုယ့်ဘဝ။
တချို့က ကိုယ်ချစ်တဲ့သူက
ကိုယ်မကြိုက်တာ လုပ်ရင်
ကလဲ့စားချေလိုက်ရမှ။
တချို့က အလုံးစုံခွင့်လွတ်။
တချို့က လူကြည့်ရှင်ကြားအရှက်ခွဲလိုက်ရမှ။
တချို့အတွက်က
ကိုယ့်လက်ကလွတ်တဲ့ငါးပိုကြီးတယ်
ထင်တတ်တာမျိုး။
တချို့က ပြီးသွားတဲ့အတိတ်ကိုပဲ
သတိရတတ်ကြတယ်။
တချို့က ဒီနေ့တွေ့တာအကောင်းဆုံး။
တချို့က the best is yet to come.
အကောင်းဆုံးလာအုံးမယ်။
အမှန်တော့ အချစ်ဆိုတာ
ကုသမှု တစ်ခုဖြစ်နိုင်တယ်။
အချစ်က ပြီးပြည့်စုံတဲ့
ခံစားချက်ကိုပေးတဲ့
ပျော်ရွင်မှုလဲ ဖြစ်နိုင်တယ်။
ဒါပေမယ့် လူတွေရဲ့
လိုအပ်ချက်တွေက ပြောင်းလဲနေတယ်။
လူတွေရဲ့ ဗားရှင်းတွေက
ပြောင်းလဲ နေတယ်။
အရင်က ပြီးပြည့်စုံတဲ့အရာက
အနာဂတ်မှာ ပြီးပြည့်စုံတဲ့ခံစားချက်ပေးဖို့
မသေချာတတ်ကြဘူး။
ဒါကြောင့် နှစ်ဖက်စလုံးက
အမြဲ တိုးတက်ပြောင်းလဲတဲ့ ဗားရှင်းဖြစ်နေရင်
တစ်ယောက်နဲ့ တစ်ယောက်
ပြီးပြည့်စုံတဲ့ ခံစားချက် ပိုပေးနိုင်ကြတယ်လို့
စဥ်းစားကြည့်ရင် မှားမယ်မထင်ဘူး။
တချို့လူတွေရဲ့ ပြီးပြည့်စုံဖို့
လိုအပ်တဲ့ အရာတွေက သိပ်မပြောင်းဘူး။
တချို့က အရမ်းပြောင်းတယ်။
ဒါကို အပြောင်းအလဲ မြန်တယ်လို့ဆိုကြတယ်။
လူတွေ ဘာလို့ အချစ်ကိုရှာကြလဲ။
ပြီးပြည့်စုံမှု အတွက်ဆို မှန်မယ်လို့ထင်တယ်။
အချစ်ဇာတ်ကားတွေရဲ့ ဇာတ်သိမ်းက
ညားရင်ညား၊ မညားရင်ကွဲ။
Happily ever after
အမြဲပျော်ပျော်ရွင်ရွင် နေထိုင်သွားတယ်ဆိုတာ
အိပ်ယာဝင်ပုံပြင်တွေမှာ ပဲရှိမယ်လို့ထင်တယ်။
အလိုလို ပေါက်တာမြက်ပင်ပဲများတယ်။
ဒီအတိုင်းထားရင် အိမ်ဖုန်တက်တယ်။
ဒါကြောင့် ဘယ်အရာမဆို
နားလည်ပြီး ထိန်းသိမ်း ဒီဇိုင်းလုပ်တာ
အရေးကြီးမယ်လို့ ထင်တယ်။
Phyo Paing @ Derek
References:
Bowlby, J. (1969). Attachment and Loss, Vol. 1: Attachment. New York: Basic Books.
Maslow, A. H. (1943). A Theory of Human Motivation. Psychological Review, 50(4), 370-396.
Erikson, E. H. (1950). Childhood and Society. New York: W. W. Norton & Company.
Klein, M. (1952). The Origins of Transference. International Journal of Psycho-Analysis, 33, 433-438.
Bandura, A. (1977). Social Learning Theory. Englewood Cliffs, NJ: Prentice Hall.
Buss, D. M. (1994). The Evolution of Desire: Strategies of Human Mating. New York: Basic Books.