နေ့စဉ် အိုမင်းရင့်ရော်နေတယ်။
ဘဝက အမြဲ ဒီလို ငယ်မနေဘူး။
ဟော်မုန်းအပြောင်းအလဲ
ဇရာရဲ့ ခြေရာကို ခန္ဓာမှာတွေ့လာရမယ်။
အမှန်တော့ တစ်နှစ်တစ်နှစ်ဆိုတာ
ကုန်သွားတာ မြန်တယ်။
အသက် သုံးဆယ်၊ လေးဆယ်ဆိုရင်ကို
ကိုယ့်အသိ၊ မိတ်ဆွေထဲမှာ
လောကထဲကထွက်ခွါသွားသူတွေ
မများရင်တောင် မနည်းတော့ဘူး။
ကွေကွင်းသွားလို့မရတဲ့ သေခြင်းတရားအတွက်
နေထိုင်ရတဲ့ ဘဝခဏတာမှာ
ဒီနေ့အတွက်ပဲ မဟုတ်ဘူး
အသက်အရွယ်အပိုင်းအခြားတွေအတွက်
ကြိုတင်ပြင်ဆင်ထားမှာပဲ
တော်ကာကျနိုင်မယ်။
ငယ်ငယ်တည်းက အနာဂတ်အတွက်
ကြိုတင်ပြင်ဆင်တယ်။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေလို့မရဘူးဆိုတာ
အားကိုးရာမရှိတဲ့သူတစ်ယောက်အတွက်
ကိုယ့်ကိုကိုယ်ပဲ အားကိုးရတယ်။
အသက် ၃၀ လောက်ထိက
လူတွေ၊ ဘဝတွေ၊ ကိုယ့်ကိုကိုယ်အကြောင်း
လေ့လာခဲ့တဲ့အချိန်ပေါ့။
၃၀ – ၄၀ ကြားကျတော့
၄၀-၆၀ အတွက်ပြင်ဆင်ရပြီ။
မတော်တဆနဲ့ မသေဆုံးခဲ့ရင်
ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ဖြတ်သန်းရင်
အိန္ဒြေရှိရှိ အိုမင်းရင့်ရော်ဖို့။
သေဆုံးဖို့ အသက်ငင်နေတဲ့တစ်နေ့
ငါဒီဘဝကိုတော့ ငါနားလည်သလောက်
အကောင်းဆုံး အသက်ရှင်ခဲ့တယ်ဖြစ်ဖို့
နေ့စဉ်ကိုတော့ အကောင်းဆုံး
အကောင်းဆုံးနေထိုင်ဖို့လိုတယ်ဆိုတဲ့စိတ်နဲ့
ဘဝကို optimize လုပ်နေမိတယ်။
Phyo Paing @ Derek