ဗုဒ္ဓရဲ့ အရေးအကြီးဆုံး သင်ကြားမှုက
“ဘုရားကို ယုံပါ” ဆိုတာ မဟုတ်ဘူး။
ထူးခြားပါတယ်။
ဗုဒ္ဓဘာသာဆိုတာ
Teachings of Buddha ပါ။
“ကိုယ့်ဒုက္ခ ဘယ်ကလာသလဲ
ကိုယ်တိုင် သိအောင်လုပ်ပါ” ဆိုတာပါ။
လူတိုင်း ဒုက္ခက လွတ်ချင်တယ်။
ငွေမရှိလို့ ဒုက္ခရောက်တယ်။
ငွေရှိတော့ ဆုံးရှုံးမှာကြောက်တယ်။
ချစ်သူမရှိလို့ ဒုက္ခရောက်တယ်။
ချစ်သူရှိတော့ ဆုံးရှုံးမှာကြောက်တယ်။
အောင်မြင်ချင်လို့ ပူလောင်တယ်။
အောင်မြင်ပြီးတော့ ကျသွားမှာကြောက်တယ်။
ဒီတော့ ပြဿနာက
“မရသေးတာ” တစ်ခုတည်း မဟုတ်ဘူး။
ရပြီးသားကို မပျောက်ချင်တာလည်း ဒုက္ခ။
မကြိုက်တာကို မကြုံချင်တာလည်း ဒုက္ခ။
ကြိုက်တာကို ထာဝရဖြစ်စေချင်တာလည်း ဒုက္ခ။
ဒီနေရာမှာ ဗုဒ္ဓရဲ့ သင်ကြားမှုက အရမ်းနက်တယ်။
ဗုဒ္ဓက ဒုက္ခရှိတယ်လို့ပဲ မပြောခဲ့ဘူး။
ဒုက္ခ ဘာကြောင့်ဖြစ်တယ်။
ဒုက္ခ ချုပ်ငြိမ်းနိုင်တယ်။
ချုပ်ငြိမ်းဖို့ ဘယ်လိုကျင့်ရမယ်။
ဆိုတာအထိ စနစ်တကျ သင်ပေးခဲ့တယ်။
ဒါက သစ္စာလေးပါး။
၁။ ဒုက္ခသစ္စာ — ဘဝမှာ မပြည့်စုံမှု၊ ပြောင်းလဲမှု၊ ခွဲခွာမှုတွေကြောင့် ဒုက္ခရှိတယ်။
၂။ သမုဒယသစ္စာ — ဒုက္ခရဲ့ အကြောင်းမှာ တဏှာ၊ စွဲလမ်းမှု၊ မသိမှုတွေ ရှိတယ်။
၃။ နိရောဓသစ္စာ — ဒီအကြောင်းတွေ ချုပ်ငြိမ်းနိုင်ရင် ဒုက္ခလည်း ချုပ်ငြိမ်းနိုင်တယ်။
၄။ မဂ္ဂသစ္စာ — ချုပ်ငြိမ်းဖို့ လမ်းရှိတယ်။ အဲဒါ မဂ္ဂင်ရှစ်ပါး။
ဒီအရာအားလုံးရဲ့ အောက်ခြေမှာ အရေးကြီးတဲ့ အချက်တစ်ခုရှိတယ်။
နားလည်ခြင်း။
ကိုယ်ဘာကြောင့် ဒေါသထွက်လဲ။
ဘာကြောင့် မနာလိုဖြစ်လဲ။
ဘာကြောင့် မဆုံးရှုံးချင်လဲ။
ဘာကြောင့် တစ်ခုခုကို မဖြစ်မနေလိုချင်လဲ။
ဘာကြောင့် အရာအားလုံး ကိုယ်ဖြစ်ချင်သလို
ဖြစ်စေချင်လဲ။
ဒါတွေကို မမြင်ရင်
ကိုယ့်စိတ်က ကိုယ့်ကို မောင်းနေမယ်။
မြင်လာရင်တော့
ရွေးချယ်နိုင်လာမယ်။
ဒါကြောင့် တရားထိုင်တာက
စိတ်ငြိမ်ဖို့တစ်ခုတည်း မဟုတ်ဘူး။
စိတ်ကို လေ့လာဖို့။
ဒေါသဖြစ်လာတာကို မြင်ဖို့။
လိုချင်စိတ်ဖြစ်လာတာကို မြင်ဖို့။
ကြောက်စိတ်ဖြစ်လာတာကို မြင်ဖို့။
စွဲလမ်းနေမှုကို မြင်ဖို့။
မြင်လာလေလေ
နားလည်လာလေလေ။
နားလည်လာလေလေ
မသိမှု နည်းလာလေလေ။
မသိမှုနည်းလာလေလေ
စွဲလမ်းမှုနည်းလာလေလေ။
စွဲလမ်းမှုနည်းလာလေလေ
ဒုက္ခနည်းလာလေလေ။
ဒါကြောင့် ဗုဒ္ဓရဲ့ သင်ကြားမှုကို
တစ်ကြောင်းတည်းနဲ့ ကျွန်တော်နားလည်သလို ချုံ့ရရင်
“ဒုက္ခကနေ လွတ်မြောက်ချင်ရင်
လောကကို ကိုယ်ဖြစ်ချင်သလို ပြောင်းဖို့ပဲ မကြိုးစားနဲ့။
လောကနဲ့ ကိုယ့်စိတ်
ဘယ်လိုအလုပ်လုပ်သလဲကို အရင်နားလည်ပါ။”
နားမလည်ရင် စွဲလမ်းမှုကြီးမယ်။
စွဲလမ်းမှုကြီးရင် ပူလောင်မယ်။
နားလည်လာရင် လွတ်ချနိုင်မယ်။
လွတ်ချနိုင်လာရင် လွတ်လပ်လာမယ်။
ဗုဒ္ဓရဲ့ လမ်းက ယုံကြည်ဖို့သက်သက်မဟုတ်ဘူး။
သိဖို့၊ မြင်ဖို့၊ ကျင့်ဖို့၊ လွတ်မြောက်ဖို့ပါ။
နားမလည်ရင် မှားမယ်။
Phyo Paing @ Derek