အမေက ရိုးသားတယ်။
အဖြူထည်လေး။
စိတ်ထဲမှာရှိတဲ့အတိုင်းပြောတတ်တယ်။
လူတွေကို သနားတတ်တယ်။
အမှန်ထင်တာကိုပဲလုပ်တယ်။
အမေက တရုတ်စကားသိပ်မတတ်တဲ့
တရုတ်မ။
ကျောင်းဆရာမလဲဟုတ်တယ်။
ပရိယာယ်ဆိုတာမသိဘူး။
အဘိဓမ္မာဂုဏ်ထူးနဲ့အောင်တယ်။
ဘုရားစာအမြဲရွတ်တယ်။
မကြာမကြာတရားထိုင်တယ်။
စေတနာကောင်းရင်
ကံကောင်းတယ်ဆိုတာယုံကြည်တယ်။
ယောက္ခမနဲ့ အဆင်မပြေဘူး။
ယောင်းမငယ်နဲ့အဆင်မပြေဘူး။
အဖေနဲ့ အမြဲရန်ဖြစ်တယ်။
ဝန်ထမ်းတွေ မမြဲဘူး။
သားသမီးတွေနဲ့အဆင်မပြေဘူး။
ခင်တဲ့သူတွေကို ယုံလို့
တစ်သက်ရှာထားတာတင်မဟုတ်
အကြွေးတွေတင်လို့
သားအကြီးဆုံးကျွန်တော်ဆပ်ရတာ
ဆယ်စုနှစ်တစ်ခုကျော်ပဲ။
စိတ်ထဲရှိတဲ့အတိုင်းပြောတယ်။
လူတွေကို လူကောင်း၊ လူဆိုး
အဖြူနဲ့အမဲပဲမြင်တယ်။
ငယ်ငယ်နှစ်တန်းလောက်က
အဒေါ်နဲ့ ဦးလေးတို့ရဲ့
အဆင်မပြေတဲ့ဝန်ထမ်းထုတ်တော့
အိမ်ပြန်ချိန်
ကားလက်မှတ်ဝယ်ရမှာဝေးလို့
စက်ဘီးယူသွားဆိုပြီး စက်ဘီးငှားပေးတယ်။
အဒေါ်တို့က သူတို့နဲ့အဆင်မပြေတဲ့သူကိုငှားပေးတယ်
ဒါသူတို့ကို ကြည့်လို့မရလို့စဥ်းစားတယ်။
နောက် ယောက္ခမနဲ့အဆင်မပြေတော့ဘူး။
အဒေါ်ကုန်းတိုက်လို့ အဆင်မပြေဘူး
သားသမီးတွေကို အမြဲညည်းတယ်။
နောက်အိမ်မှာ အဒေါ့်အမျိုးသားလုပ်တဲ့
မန်ကျီးလုပ်ငန်း
ရွာကအလုပ်သမားတွေ
နေ့စားလာလုပ်တဲ့ မန်ကျီးသီးစေ့ခွာတာကို
ငါလဲ ဒါလုပ်ရင် ပိုက်ဆံရတာပဲ။
အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုလုပ်တယ်။
အဖေက သစ်စက်နဲ့။
သူ့ကုန်တင်ကားနဲ့ရှိနေတဲ့အချိန်
ကိုယ့်ကို အိမ်မှာလူတွေမြင်တဲ့အမြင်
အရေးကြီးတယ်ဆိုတာ ထည့်မတွက်ပဲလုပ်တယ်။
ကျွန်တော့်ဘဝမှာ နားမလည်နိုင်ခဲ့တဲ့အရာတွေ။
အိမ်တစ်ခုမှာ ပါဝါတစ်ခုရှိဖို့
တချို့အလုပ်တွေက ပိုက်ဆံရတိုင်းလုပ်လို့မရဘူးဆိုတာ
ကလေးဖြစ်တဲ့ ကျွန်တော်တောင်သိတယ်။
အမေက အဲ့လိုမစဥ်းစားဘူး။
သူများပိုက်ဆံခိုးနေတာမှမဟုတ်တာ။
အားတဲ့အချိန် အလုပ်လုပ်တာပဲ
ဘာရှက်စရာလိုလဲ အဲ့လိုစဥ်းစားတယ်။
တစ်နေ့ အဒေါ်နဲ့ သူ့ယောကျာ်းတို့နဲ့
အဆင်မပြေတဲ့အခါ
သူ့ကို မလေးမစားပြောလို့
သူတစ်သက်မမေ့ဘူးခံစားရတယ်။
ငယ်ငယ်လူတွေတွေ့တိုင်း
သားသမီးတွေနဲ့နှိုင်းယှဥ်ပြီး
အမြဲအပြစ်ပြောလေ့ရှိတယ်။
ဒါက နေ့စဥ်ဖြစ်နေကျ။
အသက်ကြီးလာတော့ သင်ပေးရတယ်။
လောကကြီးက အမှန်တရားနဲ့
လည်ပတ်နေတာမဟုတ်ဘူး။
အကျိုးစီးပွားနဲ့လည်ပတ်နေတာ။
ဒါက ကိုယ့်တစ်နိုင်ငံပဲမဟုတ်ဘူး။
တစ်ကမ္ဘာလုံးအဲ့လိုပဲ။
လောကမှာ လူဆိုးလူကောင်းဆိုတာထက်
တရုတ်တွေက သူတို့အတွက်
အကျိုးရှိရင် လူကောင်း၊
အကျိုးမရှိရင် လူဆိုးလို့
လောကအမြင်ပြန်သင်ပေးရတယ်။
ဒါပေမယ့်လဲ မလွယ်ပါဘူး။
ရုံးမှာ၊ အလုပ်ခွင်မှာ
လူတွေနဲ့ အဆင်ပြေချင်ရင်
စိတ်ထဲရှိတာပြောလို့မလွယ်ဘူး။
ပရိယာယ်လိုတယ်။
ကိုယ်လဲငယ်ငယ်ကဖြူစင်တယ်။
သူငယ်ချင်းတစ်ယောက်
အနိုင်ကျင့်ခံရလို့
သူ့ဖက်က မားမားမတ်မတ်ရပ်တည်တယ်။
နောက်သူကပါ သူ့အနိုင်ကျင့်တဲ့သူတွေနဲ့ပေါင်း
ကိုယ့်ကိုပြန်ရန်လုပ်တယ်။
ငယ်ငယ်ကတည်းက လူတွေအကြောင်း
စိတ်ဝင်စားလာခဲ့တာ
စိတ်ပညာခွဲခြမ်းစိတ်ဖြာမှု psychoanalysis တွေ
လေ့လာလေ ပိုနားလည်လာလေပဲ။
ဘဝဖြတ်သန်းမှုတွေက
လောကအမြင်တွေကိုပြောင်းပေးတယ်။
ကမ္ဘာလောကကြီးက မေတ္တာတရားနဲ့
လည်ပတ်နေတာလို့ ယုံကြည်ချင်တယ်။
ဒါပေမယ့် လောကကြီးက
ကိုယ်ကျိုးစီးပွားတွေနဲ့ပဲလည်ပတ်နေတာလို့
ထင်တယ်။
ကိုယ့်ကိုကိုယ် ကာကွယ်ဖို့
ကိုယ့်အနီးဆုံးသူတွေကို
ကာကွယ်ဖို့
ခေတ်၊ စနစ်နဲ့ကိုက်တဲ့
အတွေးအခေါ် mental model ကို
ပြန်ပြောင်းယူရတယ်။
Phyo Paing @ Derek