စိတ်ဆိုတာ
အတွေး၊ အမြင်၊ ခံစားချက်၊
စေတသိတ် တွေကို
ပေါင်းထည့်ထားတဲ့
ကော်ဖီခွက်နဲ့တူတယ်။
နောက်ပြီး စေတသိတ်ဆိုတာ
အတွေးပိတ်ဆကို
အရောင်ခြယ်ပေးတဲ့ မှင်နဲ့တူတယ်။
ကိုယ်ဆိုတာ
ဦးနှောက်၊ အသည်း၊ ကျောက်ကပ်၊
ကလီစာ အစရှိတဲ့
ဆဲလ်တွေနဲ့ဖွဲ့စည်းထားတဲ့
ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ။
ဒီစိတ်နဲ့ ကိုယ်ကချိပ်ဆက်နေတယ်။
စိတ်က ဒေါသထွက်ရင်
ခန္ဓာကိုယ်မှာ အသက်ရှူတာမြန်လာမယ်။
လေသံတွေမာလာမယ်။
အသားတွေ တဆက်ဆက်တုန်လာမယ်။
ခန္ဓာကိုယ်နေမကောင်း၊ မကျန်းမာရင်
စိတ်လဲထိုင်းမှိုင်းမယ်။
ဒီစိတ်နဲ့ ခန္ဓာက ချိပ်ဆက်နေတယ်။
ဒုက္ခဆိုတာ မအီမသာဖြစ်တဲ့ခံစားချက်၊
နာကျင်မှု၊ မနှစ်မြိုမှု။
ခန္ဓာကိုယ်ကြီးက အိမ်ဆို
စိတ်က အိမ်ပိုင်ရှင်။
အိမ်ပိုင်ရှင်က အိမ်ဆိုတဲ့
ခန္ဓာကိုယ်ကြီးကို ထားထားပြီး
အတွေးတွေနဲ့ ခရီးတွေလွန်နေတတ်တယ်။
အိမ်မီးလောင်တဲ့အခါမှ
အိမ်ပြန်လာတတ်တာမျိုး။
အဲ့လို စိတ်နဲ့ ခန္ဓာက မီးလောင်တဲ့အခါ
ဝေဒနာပေါ်တယ်။
ဝေဒနာပေါ်တော့ သတိက
မကပ်လို့ မရတော့ဘူး။
သာမာန်အချိန်အများစုမှာ
လူအများစုက အိမ်ကြီးကိုထားပြီး
အတွေးနယ်ချဲ့နေတဲ့အတွက်
ကိုယ်အသက်ရှူတာ၊
ခြေလှမ်းလှမ်းတာ၊
စကားပြောတော့ ပါးစပ်လုပ်တာ
ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို
သတိမပြုမိဘူးဖြစ်နေတယ်။
ဒုက္ခရဲ့ ဆန့်ကျင်ဖက်က
ဝမျးသာပီတိ။
စိတ်နဲ့ ခန္ဓာက ဒုက္ခရောက်မနေပဲ
စိတ်၏ဆင်းရဲခြင်း၊
ကိုယ်၏ဆင်းရဲခြင်းရှိမနေတာကို
သတိနဲ့နေပြီး ခံစားကြည့်တော့
ဝမ်းသာပီတိဆိုတာ ဖြစ်တယ်။
ဒါကြောင့် ဗုဒ္ဓက သတိနဲ့နေဖို့
mindful ဖြစ်ဖို့ဟောကြားခဲ့တာ။
မဂ္ဂင်ရှစ်ပါးမှာ
နံပတ်ရှစ်ပါးက သမ္မာသမာဓိ။
အဓိပ်ပာယျက
သမ္မာ = မှန်ကန်တဲ့
သမာဓိ = တည်ကြည်စူးစိုက်မှု
အခုဒီစာရေးဖို့ စူးစိုက်မှုလိုတယ်။
ဒီစူးစိုက်မှုဖြစ်ဖို့
နံပတ် ၇ ပါးမြောက်ဖြစ်တဲ့
သမ္မာသတိ လိုတယ်။
သမ္မာ = မှန်ကန်တဲ့
သတိ = အောက်မေ့ နှလုံးသွင်းမှု။
ဒါက Right Mindfulness ကိုပြောတာ။
မှန်ကန်တယ်ဆိုတာ
အလယ်လမ်း (မဇ္ဈိမပဋိပဒါ) ကိုဆိုတာ။
အလယ်အလတ်လမ်းစဥ်ဆိုတာ
အစွန်းမရောက်တာ။
လောဘ အစွန်းနဲ့
ဒေါသအစွန်းရဲ့အလယ်ကိုဆိုလိုတာ။
ဒီလို အောက်မေ့နှလုံးသွင်းဖို့ ဆိုတာ
အလိုအလျောက်အလွယ်တကူ
ဖြစ်မလာဘူး။
အားထုတ်ရတယ်၊ ကြိုးစားရတယ်။
ဒါကြောင့် သမ္မာဝါယာမ
သမ္မာ = မှန်သော
ဝါယာမ = အားထုတ်မှု။
ဒီလိုအားထုတ်ဖို့အတွက်
ကိုယ့်ဝမ်းကိုယ်ဖြည့်ဖို့
အသက်မွေးဝမ်းကြောင်းပြုဖို့လိုတယ်။
ဒီလိုလုပ်ဖို့ သမ္မာအာဇီဝ
သမ္မာ = မှန်သေ
အာဇီဝ = အသက်မွေးဝမ်းကျောင်းမှု။
ဒီအချက်တွေလုပ်ဖို့အတွက်
ကာယကံ၊ ဝဇီကံ၊ မနောကံ
ကံသုံးပါးကို ဂရုစိုက်ရတယ်။
ကံ ဆိုတာ အမှုကိစ္စ။
အလွယ်ပြောရင် ကံဆိုတာ အလုပ်။
ကာယကံကို ဂရုစိုက်ဖို့
သမ်မာကမ်မန်တ
သမ္မာ = မှန်သော
ကမ္မန္တ = အမှုအလုပ်။
ဝဇီကံ ကို ဂရုစိုက်ဖို့
သမ်မာဝါစာ။
သမ္မာ = မှန်သော
ဝါစာ = စကား။
မနောကံကို ဂရုစိုက်ဖို့
သမ္မာသင်္ကပ္ပ။
သမ္မာ = မှန်သော
သင်္ကပ္ပ = အကြံ
ဒီအချက်တွေလိုတယ်။
ဒါဆို မဂ္ဂင်ရှစ်ပါးရဲ့ ပထမဆုံးအချက်က
ဘာများဖြစ်မလဲ။
ဒါက အရမ်းအရေးကြီးသွားပြီ။
အဲ့ဒီအချက်မှားရင်
ကျန်တဲ့အပိုင်းတွေမှာ
သက်ရောက်မှု အကြီးကြီးရှိသွားမယ်။
ဒါကတော့ သမ္မာဒိဋ္ဌိ။
သမ္မာ = မှန်သော
ဒိဋ္ဌိ = အယူအမြင်။
အယူမှားရင်
ကိုယ်တိုင်ရဲ့ဘဝ၊
မိသားစုတစ်ခုရဲ့ဘဝ၊
လုပ်ငန်းတစ်ခုရဲ့ဘဝ၊
နိုင်ငံတစ်နိုင်ငံရဲ့ဘဝ
ဒုက္ခရောက်တာ အားလုံးအမြင်ပဲ။
ဗုဒ္ဓရဲ့ အယူအဆက
ဘဝဆိုတာ ဒုက်ခ။
ဒုက္ခကို ဥပမာပေးပါဆို
မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊
သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊
မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည် ဒုက္ခဖြစ်ပါတယ်။
ဒုက္ခဆိုတာ တဏှာနဲ့တွယ်တာမှုကလာတယ်။
တဏှာနဲ့တွယ်တာမှုက အဝိဇ္ဇာကလာတယ်။
အဝိဇ်ဇာဆိုတာ မသိတာ။
ဘာကိုမသိတာလဲဆို သစ္စာလေးပါးကိုမသိတာ။
ဒီ ဒုက္ခတွေ အဆုံးသတ်လို့ရတဲ့နေရာရှိတယ်။
ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။
နိဗ္ဗာန်ဆိုတာ ချုပ်ငြိမ်းရာ။
ဘာတွေချုပ်ငြိမ်းလဲဆို
တောက်နေတဲ့ မီးတောက်ချုပ်ငြိမ်းတာ။
တဏှာနဲ့တွယ်တာမှုတွေ ချုပ်ငြိမ်းတာ။
ဒါတွေချုပ်ငြိမ်းဖို့ နည်းလမ်းရှိတယ်။
ဒီနည်းလမ်း action plan ကတော့
အထက်ကပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါး။
အခုဒီ လေးခုကို သစ္စာလေးပါးလို့ခေါ်တယ်။
ဘာလို့ အားတီ၊ အားမေတို့အတွက်
စာအရှည်ကြီးရေးရလဲဆို
ဗုဒ္ဓခေတ်ကတည်းရှိတဲ့
ဗုဒ္ဓသားတော် ယောင်ဆောင်ထားတဲ့
အတုအယောင်တွေကြောင့်
အယူမမှားအောင်။
ကျွန်တော့်အတွက်ကတော့
ဗုဒ္ဓက သံသရာမှ လွတ်မြောက်ရာအတွက်
သိုင်းကျမ်းကြီးကို နှစ်ပေါင်း ၂၅၀၀
လက်ဆင့်ကမ်းခဲ့ပြီးပြီ။
ကျင့်ရမှာက ကိုယ့်တာဝန်ဖြစ်သွားပြီ။
ဒီသိုင်းကျမ်းကြီးက
နားပဲထောင်ရမှာမဟုတ်ဘူး။
နေ့စဥ် ကျင့်သုံးရမှာလို့မြင်တယ်။
Phyo Paing @ Derek