လူတွေကို ခွင့်မလွတ်နိုင်တာ
လူတွေကို အပြည့်အဝ
နားမလည်သေးလို့။
လူတစ်ယောက်
အခြေအနေတစ်ရပ်ကို
သေချာနားမလည်တဲ့အခါ
“သူဘာကြောင့် ဒီလိုလုပ်သလဲ”
ဒီအဖြေကို ရှင်းရှင်းလင်းလင်း
မရနိုင်ဘူး။
နားမလည်တဲ့အခါ
ခွင့်မလွတ်နိုင်ဘူး။
ခွင့်မလွတ်နိုင်တဲ့အခါ
ဒေါသတွေဖြစ်တယ်။
နာကျင်မှုတွေဖြစ်တယ်။
ဝမ်းနည်းမှုတွေဖြစ်တယ်။
ပူဆွေးမှုတွေဖြစ်တယ်။
ယူကျုံးမရဖြစ်တယ်။
စိုးရိမ်သောကဗျာပါဒတွေများတယ်။
ဒီကနေ ဒဏ်ရာ Trauma တွေဖြစ်တယ်။
ဒီ ဒဏ်ရာတွေက
အနာကျက်သလိုလိုနဲ့
ရံဖန်ရံခါ
ဓားထက်ထက်နဲ့
အရှင်လတ်လတ်
လှီးထားသလို
အသားဖတ်
ဗလပ်ဗလပ်နဲ့
ပြန်ပြန်စပ်တယ်။
ပြန်ပြန်နာတယ်။
တချို့ဒဏ်ရာတွေကို
မသိချင်ယောင်ဆောင်ရင်
အကျဥ်းတန်ပုံစံနဲ့
မျက်နှာဖုံးချွပ်လိုက်ရင်
ပြန်ပြန်ပေါ်လာတတ်တယ်။
ဒီဒဏ်ရာတွေကို ကုစားဖို့
လူတွေက therapy လုပ်တယ်။
ဘုရားကိုရင်ဖွင့်တယ်။
ဆေးဝါးတွေသောက်တယ်။
ဒီ ဒဏ်ရာ trauma တွေများလေလေ
ဘဝရဲ့ ဒရာမာ drama တွေများလေလေ။
ဒီ ဘဝမှာ မလိုအပ်ပဲ
ခံစားချက်အရှိန်တက်
ဒရာမာတွေနည်းဖို့က
ထရာမာ Trauma တွေ နည်းသွားဖို့လိုတယ်။
ဒီလိုလုပ်ဖို့ နားလည်ဖို့လိုတယ်။
လူတွေ၊ အဖြစ်အပျက်တွေ၊
သဘာဝတရားနဲ့
ကိုယ့်ကိုကိုယ် သေချာနားလည်ဖို့လိုတယ်။
ဒီလို နားလည်ဖို့ ဥာဏ်လိုတယ်။
ဆင်ခြင်နိုင်တဲ့ ပညာလိုတယ်။
ဒီလို ဥာဏ်ပညာရှိပြီး
နက်နဲစွာထိုးထွင်းသိမြင်အောင်
လေ့ကျင့်တာကို
ဝိပဿနာလို့ခေါ်တယ်။
နက်နဲစွာထိုးထွင်းသိမြင်သွားရင်
ဒရာမာ drama တွေနဲ့
ဒဏ်ရာ trauma တွေကြောင့်
သံသရာဘယ်လိုဆက်နေလဲ
ကွက်ကွက်ကွင်းကွင်းမြင်လာမယ်။
လူ့သဘော လူ့မနောသေချာသိလာမယ်။
လူတွေ၊ အဖြစ်အပျက်တွေ၊
သဘာဝတရားတွေကို နားလည်လာမယ်။
သမရိုးကျက သွေဖယ်တာကို
ဖောက်ပြန်တယ်လို့ခေါ်တယ်။
လောကသဘာဝအရ
ပြောပြတာနဲ့မရ
နှလုံးသွင်းဖို့လိုတာ
အရာရာက သမရိုးကျကလွဲပြီး
ဖောက်ပြန်တတ်တယ်။
မတည်မြဲဘူး။
မတည်မြဲခြင်းကို
အနိစ္စလို့ခေါ်တယ်။
ကိုယ်သိထားတဲ့ ငါ၊
ငါ့သား၊ ငါ့သမီး၊ ငါ့ဥစ်စာ။
ဒါတွေကို လေထဲအကုန်လွင့်သွားမယ်။
ဒါတွေကို အနတ္တလို့ခေါ်တယ်။
လိုချင်ပြီး မရတာ။
ရထားပြီး မလိုချင်တာ။
မလိုချင်ဘဲရတာ။
ဒါကို ဒုက္ခလို့ခေါ်တယ်။
ဘဝရဲ့ အနှစ်သာရက
ရှင်သန်ခြင်းနဲ့ မွေးဖွားခြင်းကြားက
ဒုက်ခပဲ။
သုခတွေရှိသလို
ဒုက္ခတွေရှိတယ်။
ဒီနှစ်ခုကြားမှာ စိတ်ထားတတ်အောင်
တုန်လှုပ်ခြောက်ခြားမှုနည်းနည်းနဲ့
ဓမ္မဓိဋ္ဌာန်ကျကျ
ဖြတ်သန်းတာကို
ဥပက္ခာလို့ခေါ်တယ်။
Trauma တွေနည်းပဲ
Drama တွေရပ်ဆဲသွားဖို့
နက်နဲစွာထိုးသွင်းသိမြင်နိုင်ဖို့လိုနိုင်တယ်။
စဥျးစားတဲ့ပုံက
တရားဟောဆရာလိုလို
ဒဿနိကဆရာလိုလို
တောထွက်မည့်လူလိုလိုများဖြစ်သွားသလား။
တောထဲမရောက်
တောင်ပေါ်ရောက်နေရင်း စဥ်းစားမိတာ
ရေးမိသွားတယ်။
အဆုံးထိဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။
Phyo Paing @ Derek