ချမ်းသာတဲ့သူတွေက
ပိုချမ်းသာတယ်။
အောင်မြင်တဲ့သူတွေက
ပိုအောင်မြင်တယ်။
တော်တဲ့သူတွေက
ပိုတော်လာတယ်။
ဘာကြောင့်လဲ။
သညာလို့ခေါ်တဲ့ perception နဲ့ဆိုင်မယ်။
သညာက “အာရုံ”ကို
“သိမြင်”၊ “ခွဲခြား”၊ “မှတ်သား”ပေးတယ်။
အဖြူ၊ အနီ၊ အပြာ၊ အဝါကိုသိသလို
ချို၊ ချဥ်၊ ငံ၊ စပ်၊ ခါးကိုလဲသိတယ်။
သညာစေတသိတ်က
ကောင်းတဲ့ ကုသိုလ်စေတသိတ်လဲမဟုတ်ဘူး၊
မကောင်းတဲ့ အကုသိုလ်စေတသိတ်လဲမဟုတ်ဘူး။
စိတ်တိုင်းတွင် မပါမနေ ပါဝင်တယ်။
စိတ်အလုပ်လုပ်တိုင်း သညာပါတယ်။
အခု ဒီစာကို ဖတ်ပြီးနားလည်တာကလဲ
သညာစေတသိတ်က အလုပ်လုပ်နေတာ။
တစ်ယောက်နဲ့တစ်ယောက်
အဓိပ္ပာယ်ဖွင့်ပုံ တူချင်မှတော့တူလိမ့်မယ်။
သူက အညာစေတသိက် ၁၃ ပါးထဲက
အညာဏသာဓာရဏ ၇ ပါးထဲက တစ်ပါးဖြစ်ပါတယ်။
ဒီ သညာ Perception အထင်အမြင်က
အဓိပ္ပာယ်ဖွင့်တာလွဲသွားရင်
ဘဝကလဲ လွဲသွားတတ်တယ်။
လောကုတ္တရာအဓိပ္ပာယ်ဖွင့်တာလွဲရင်
လောကုတ္တရာချမ်းသာရဖို့မဖြစ်နိုင်သလို
လောကီရေးရာ အဓိပ္ပာယ်ဖွင့်တာလွဲရင်
လောကီရေးရာချမ်းသာရဖို့ မဖြစ်နိုင်ဘူးလို့ဆိုရမယ်။
သညာရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်က
ပထမအဆင့် – အာရုံကို ခံယူခြင်း (raw sensory input)
ဒုတိယအဆင့် – အာရုံကို အမှတ်သညာပြုခြင်း (recognition)
တတိယအဆင့် – အဓိပ္ပာယ်သတ်မှတ်ခြင်း (meaning-making)
ဒါကို ပြုလုပ်တယ်။
သညာကြောင့် သခါရ (mental formations) ဖြစ်ပေါ်တယ်။
Perception → Concepts → Views → Actions
ဒီလို ကွင်းဆက်ဖြစ်နေတယ်။
ဥပမာ ချမ်းသာတဲ့သူတစ်ယောက်ရဲ့
ငွေကြေးအပေါ်ထားတဲ့ အယူအဆ concept နဲ့
ဆင်းရဲမွဲသေတဲ့သူတစ်ယောက်
ငွေကြေးအပေါ်ထားတဲ့ အယူအဆ concept က
တူမှာ မဟုတ်ဘူး။
ဘဝရဲ့ ဒုက္ခတွေကို
ဇောကင်းကင်းအထာကျကျနဲ့
ဖြတ်သန်းနေသူတစ်ယောက်ရဲ့
လောကအမြင် view နဲ့
ဘဝရဲ့ဒုက္ခတွေကြားမှာ
စိတ်ပူပူလောင်လောင်ဖြတ်သန်းသူတစ်ယောက်ရဲ့
လောကအမြင် view ကလဲ
တူချင်မှ တူမယ်။
သညာ perception ရဲ့သဘောက
ကောင်းတာ၊ ဆိုးတာထက်
အကြောင်းအကျိုးဖြတ်သန်းမှုတစ်ခုကို
ဖော်ပြတဲ့သဘောပဲ။
ဒါကို Perception is Projections လို့လဲ
ပြောကြတယ်။
ကိုယ်လောကကို မြင်သလို
ဘဝက ဖြစ်လာတယ်။
သညာက မှားနိုင်တယ်။
ကိုယ့်အထင်အမြင်ကို အမှန်ထင်ရင်
စိတ်ဒုက္ခပိုရောက်နိုင်တယ်။
ဒါကြောင့် သညာကို
ပညာနဲ့ရံဖို့လိုနိုင်တယ်။
သညာက ကြိုးကို မြွေဟု မြင်မိတတ်တယ်။
ပညာက ကြိုးသည် ကြိုးမျှသာဖြစ်တယ်လို့
သိမြင်စေတယ်။
ဗုဒ္ဓအဆိုအရ ပညာဆိုတာ
အမှန်တရားကို ထိုးထွင်းသိမြင်နိုင်သော
ဉာဏ်ပညာ (အသိဉာဏ်) လို့ဆိုတယ်။
ပညာသုံးမျိုးရှိတယ်။
စုတိပညာ – ကျမ်းဂန်ဖတ်ရှုခြင်းဖြင့် ရသော ပညာ
စိန္တာပညာ – စဉ်းစားဆင်ခြင်ခြင်းဖြင့် ရသော ပညာ
ဘာဝနာပညာ – တရားအားထုတ်ခြင်းဖြင့် ရသော ပညာ။
ပညာရဲ့သဘောတရားက
လက္ခဏာ – ပဇာနနလက္ခဏာ (အမှန်အတိုင်း သိမြင်ခြင်း)
ရသ – ဩဘာသနရသ (အမှောင်ကို ဖယ်ရှားခြင်း)
ပစ္စုပဋ္ဌာန – အသမ္မောဟပစ္စုပဋ္ဌာန (မမှောင်မိုက်ခြင်းအဖြစ် ထင်ရှားခြင်း)
ပဒဋ္ဌာန – သမာဓိပဒဋ္ဌာန (သမာဓိကို အခြေခံခြင်း)
တခါတလေ ဥာဏ်အလင်းပွင့်သလိုမျိုးကြုံဖူးလိမ့်မယ်။
“ဟာ” ကနဲဖြစ်တဲ့အချိန်မျိုး။
ဒီလိုမြင်သွားတိုင်းမှာ
အမှန်တရားကို ပြန်မမြင်ချင်လို့မရတော့ဘူး။
ဘဝမှာ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံကို
ဖန်တီးနိုင်ဖို့
သညာကို ပညာနဲ့ ထိန်းဖို့လိုတယ်။
ဒါကြောင့်နေ့စဥ် လောကီပညာ၊
လောကုတ္တရာပညာ
နေ့စဥ် သင်ယူလေ့လာနေတဲ့
life-long learning လိုတယ်။
ဒါမှပဲ ဒုက္ခတွေကြား
ဗျာမများပဲ ဒူပေဒါပေခံခံဖြတ်သန်းနိုင်မှာ။
Phyo Paing @ Derek