နားမလည်ရင် မှားမယ်။
ယောကျာ်းတွေအကြောင်းနားမလည်ရင်
ယောကျာ်းတွေကြောင့် ဒုက္ခရောက်မယ်။
မိန်းမတွေအကြောင်းနားမလည်ရင်
မိန်းမတွေကြောင့် ဒုက္ခရောက်မယ်။
လူတွေအကြောင်းနားမလည်ရင်
လူတွေကြောင့် ဒုက္ခရောက်မယ်။
ဝန်ထမ်းတွေအကြောင်းနားမလည်ရင်
ဝန်ထမ်းတွေကြောင့်ဒုက္ခရောက်မယ်။
ဘော့အကြောင်းနားမလည်ရင်
ဘော့ကြောင့် ဒုက္ခရောက်မယ်။
စီးပွားရေးလုပ်နေပြီး
စီးပွားရေးအကြောင်းနားမလည်
စီးပွားရေးကြောင့် ဒုက္ခရောက်မယ်။
ငွေကြေးအကြောင်းနားမလည်
ငွေကြေးကြောင့် ဒုက္ခရောက်မယ်။
နားလည်မှုဆိုတာ
ကိုယ့်အထင်အမြင်နဲ့
တကယ့်အဖြစ်အပျက်နဲ့
အနီးစပ်ဆုံးတူနေတာ။
နားမလည်တဲ့အခါ
ကိုယ့်အထင်အမြင်နဲ့
တကယ်ဖြစ်နေတာနဲ့ကြားမှာ
ကွာဟနေတတ်တာမျိုးဖြစ်နိုင်တယ်။
နားမလည်တဲ့အခါ
ပေးပြီး ပြန်ရချင်တာကို
ပြန်မရတာမျိုး။
နားမလည်တဲ့အခါ
ကိုယ့်အထင်အမြင်နဲ့
လောကရဲ့အဖြစ်အပျက်က
ကိုက်ညီမှုမရှိနေတာမျိုး။
ဗုဒ္ဓက သံသရာ ဝဋ်ဆင်း ရဲကို
သေချာနားလည်ဖို့
သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကို
ဟောကြားခဲ့ပေမယ့်
သိတော့ သိတယ်
ဒါကို နားလည်ဖို့အတွက်
ကျင့်ကြံဖို့ ဝိပဿနာ
insight meditation/ Vipassana
တကယ်ကျင့်မှ နားလည်နိုင်တာမျိုး။
တချို့အရာတွေက စာတွေ့သိပြီး
ငါတွေ့နဲ့ကြုံမှ တကယ်နားလည်နိုင်တာမျိုး။
လောကမှာ လောကဓံရှစ်ပါးကို
သေချာနားလည်လာရင်
ဘဝကို ရုန်းရင်းဆန်ခတ်ဖြစ်ပြီးမနေတော့ဘူး။
ဘဝမှာ သုခနဲ့ကြုံကြုံ၊
ဒုက္ခနဲ့ကြုံကြုံ
စိတ်ကိုတည်ငြိမ်အောင်ထားတတ်တဲ့
ဥပက္ခာတရားရှိလာမယ်။
အရာရာဟာ ခဏပါဆိုတာ
နားလည်လာမယ်။
မနားလည်လို့ မမှားအောင်
ဗုဒ္ဓက မှန်ကန်တဲ့အမြင်ရှိဖို့
သမ္မာဒိဋ္ဌိ (၅) မျိုးကိုဟောကြားခဲ့တယ်။
ကမ္မဿကတာသမ္မာဒိဋ္ဌိ
လူတိုင်းဟာ ကိုယ်ပြုလိုက်တဲ့
ကောင်းမှု၊ မကောင်းမှု
ကံ တွေရဲ့ အကျိုးကို
ကိုယ်တိုင် ခံစားရတာကို
သိမြင်တဲ့ ဉာဏ်ပါ။
ဒါဟာ အခြေခံ အကျဆုံး
အမြင်မှန်ဖြစ်ပါတယ်။
ဈာနသမ္မာဒိဋ္ဌိ
တရားထိုင်တာကြောင့် ရရှိတဲ့
ဈာန် နဲ့ ယှဉ်တဲ့ ဉာဏ်ပါ။
ဈာန်ဝင်စားနေချိန်မှာ
စိတ်ရဲ့ အခြေအနေတွေကို
တိုက်ရိုက်သိမြင်လာတဲ့
ဉာဏ်အမြင် ဖြစ်ပါတယ်။
လူတိုင်းဟာ တစ်နေ့တစ်နေ့
ရုန်းကန်လှုပ်ရှားနေတော့
ဒါကို သတိမပြုမိရင် မြင်ဖို့ခက်ပါတယ်။
ဝိပဿနာသမ္မာဒိဋ္ဌိ
ရုပ်နာမ်တရားတွေရဲ့
အနိစ္စ (မမြဲခြင်း)၊
ဒုက္ခ (ဆင်းရဲခြင်း) နဲ့
အနတ္တ (အတ္တမဟုတ်ခြင်း)
ဒီ လက္ခဏာတွေကို
ဉာဏ်နဲ့ ထွင်းဖောက်သိမြင်တဲ့
ဝိပဿနာ ဉာဏ်အမြင် ဖြစ်ပါတယ်။
မဂ္ဂသမ္မာဒိဋ္ဌိ
အရိယာပုဂ္ဂိုလ်တို့မှာ
မဂ် စိတ်နဲ့ ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ အမြင်မှန်ပါ။
မဂ်ဉာဏ်ဟာ ကိလေသာတွေကို
အပြီးတိုင်ပယ်သတ်နိုင်တဲ့ အမြင်မှန်ဖြစ်ပါတယ်။
ဖလသမ္မာဒိဋ္ဌိ
အရိယာပုဂ္ဂိုလ်တွေ အနေနဲ့
မဂ်ဉာဏ် ရပြီးတဲ့နောက်မှာ
ဖြစ်ပေါ်လာတဲ့ ဖိုလ် ဉာဏ်နဲ့
ယှဉ်တဲ့ အမြင်မှန် ဖြစ်ပါတယ်။
ဒါဟာ နိဗ္ဗာန်ကို တိုက်ရိုက်အာရုံပြုတဲ့
ဉာဏ်အမြင်ဖြစ်ပါတယ်။
ဒါကတော့ ကိုယ်နည်းနည်းနားလည်တဲ့
အသိပေါ့။
နားမလည်လေလေ
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေ
များတတ်လေလေ။
ဒီ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲကို
ဒုက္ခလို့ခေါ်တယ်။
နားမလည်ရင် မှားမယ်။
Phyo Paing @ Derek