ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့အရာက
“အလုပ်” ဆိုတော့
အလုပ်မလုပ်ဘဲနေရင်ကို
တစ်ခုခု စိုးရိမ်သလို ဖြစ်တတ်တယ်။
ဒီစိတ်ကို တဖြည်းဖြည်း
ဖျောက်ဖို့ကြိုးစားလာတာ
အခုတော့ တော်တော်လေးနေတတ်လာပြီ။
နောက်တစ်ခုက အရမ်းအောင်မြင်မှာ
စိုးရိမ်တဲ့စိတ်။
နာမည်အရမ်းကြီးသွားမှာ၊
အရမ်းချမ်းသာ၊ အောင်မြင်သွားမှာ
စိုးရိမ်တယ်။
ဒီစိတ်က ထူးတော့ထူးဆန်းတယ်။
ဒီစိတ်က
မရှိထားတဲ့အရာတွေ မရလိုက်တာထက်
ရှိပြီးသားအရာတွေ
ဆုံးရှုံးသွားတာက
ပိုဆိုးတယ်လို့တွေးတဲ့စိတ်ကြောင့်ဖြစ်တယ်ဆိုတာ
သတိထားမိလာတယ်။
အထူးသဖြင့် ကိုယ်ထူကိုယ်ထ
ဘဝကို ဖြတ်သန်းလာတဲ့အခါ
အနောက်ကို ကြည့်ရင်
ဘာမှမရှိတဲ့သူတွေမှာ
ဒီစိတ်ပိုဖြစ်တတ်တယ်။
အမြဲတမ်း အိုစာမင်းစာကို
ကြိုစဉ်းစား backup plan လုပ်ရတဲ့အခါ
မွေးကတည်းက မိဘတွေ
ထောက်ပံ့မှုအပြည့်အဝရတဲ့သူတွေနဲ့
လောကကို ကြည့်တဲ့ပုံစံမတူတတ်ကြဘူး။
ဥပမာ အိမ်က ပြည့်စုံပြီးကိုယ့်ကိုအထင်ကြီးမှုနဲ့
ကြီးပြင်းလာတဲ့ လူတစ်ချို့က
လုပ်မယ်ဆို လုပ်မယ်။
အားကုန်ထည့် ဝုန်းနိုင်တယ်။
All-in လုပ်နိုင်တယ်။
ကိုယ်ထူကိုယ်ထသူကကျတော့
ဒါမအောင်မြင်တဲ့အခါ
ဘယ်လိုပြန်ရှေ့ဆက်မလဲစဉ်းစားတဲ့အခါ
အားကုန်ထည့်ဖို့ထက်ကို
အားကို မတူညီတဲ့အလုပ်တွေမှာ
ထည့်ထားပြီး
ဥတွေကို ခြင်းထောင်းတစ်ခုတည်းမှာ
မထည့်တဲ့ပုံစံနဲ့သွားကြတယ်။
ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာထက်
ဘဝရဲ့ပေးထားချက်ပေါ်မူတည်ပြီး
ရှင်သန်မှု မဟာဗျူဟာမတူတာပေါ့။
Phyo Paing @ Derek