ပြင်ဆင်ပါ — အဆိုးဆုံးတွေအတွက်။
မျှော်လင့်ပါ — အကောင်းဆုံးတွေကို။
နေပါ — ပစ္စုပ္ပန်မှာ။
စကား သုံးခွန်း။
တစ်ခွန်းနဲ့ တစ်ခွန်း
ပြောင်းပြန်ဆန့်ကျင်နေသလို ထင်ရပါတယ်။
တကယ်တော့
လူ့ဘဝ တည်မြဲနိုင်ဖို့အတွက်
အရေးအကြီးဆုံး သော့ချက်သုံးခုဟာ
ဒီသုံးခွန်းထဲမှာ အပြည့်အစုံ ရှိနေတယ်။
သိပ္ပံက သက်သေပြပြီးပြီ။
တစ် — အဆိုးဆုံးကို ကြိုတင် ကြည့်ပါ
ရောမ အတွေးအခေါ်ပညာရှင် စနီကာ Seneca
နှစ်ပေါင်း နှစ်ထောင်ကျော်က ရေးခဲ့တာ —
“မတော်တဆ ဖြစ်တဲ့အခါ အံ့အားသင့်တဲ့ လူဟာ
ကြိုတင် မတွေးထားခဲ့တဲ့ လူ။”
သူ့ရဲ့ လေ့ကျင့်ခန်းကို
“ကြိုတင်၍ ဆိုးတာကို စိတ်ကူးခြင်း”
Negative Visualization
လို့ ခေါ်တယ်။
နေ့စဉ် မိနစ်အနည်းငယ်
အဆိုးဆုံး ဖြစ်နိုင်ခြေတွေကို
ရင်ထဲမှာ ကြိုတင်ကြည့်ရှု။
ဒီအတွေးကို
ဝယ်စ္စလီကောလိပ်က စိတ်ပညာရှင်
ဂျူလီယာ နိုရမ် က
သိပ္ပံနည်းကျ လေ့လာခဲ့တယ်။
၂၀၀၁ ခုနှစ် စာတမ်းမှာ
အဆိုးဆုံးကို ကြိုတင်တွေးထားတဲ့သူတွေဟာ
“အားလုံး အဆင်ပြေလိမ့်မယ်” လို့
အကောင်းဘက်ပဲ တွေးဖို့ တွန်းအားပေးခံရသူတွေထက်
ပျမ်းမျှအားဖြင့် ပိုကောင်းကောင်း လုပ်ဆောင်နိုင်ကြတယ်။
အဆိုးဆုံးကို ကြိုကြည့်တာ
ရှုံးနိမ့်စိတ် မဟုတ်ဘူး။
အဆင်သင့်ဖြစ်နေတဲ့ စိတ်။
မြင်ပြီးသား အန္တရာယ်က
မမြင်သေးတဲ့ အန္တရာယ်ထက်
အမြဲ သက်သာတယ်။
ကြိုတွေးတတ်သူသာ
မတုန်လှုပ်နိုင်။
နှစ် — အကောင်းဆုံးကို မျှော်လင့်ပါ
၂၀၁၉ ခုနှစ်မှာ
ဟားဗတ် ကျန်းမာရေး တက္ကသိုလ်က
လီ နဲ့ သူ့အဖွဲ့ဟာ
အမျိုးသမီး ၇၀,၀၀၀ နီးပါး၊
အမျိုးသား ၁,၄၀၀ ကျော်ကို
နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာခဲ့တယ်။
ရလဒ်ကတော့
မျှော်လင့်ချက် အမြင့်ဆုံး လူတွေဟာ
အနည်းဆုံး လူတွေထက်
ပျမ်းမျှ ၁၁% မှ ၁၅% အထိ
ပိုကြာ အသက်ရှင်တယ်။
၈၅ နှစ်ထက် ပိုရှင်သန်နိုင်ခြေက
၅၀% မှ ၇၀% အထိ ပိုများတယ်။
ဒါ စိတ်ခံစားမှု မဟုတ်ဘူး။
အသက်တာကို တိုးစေတဲ့ အချက်။
ဘာကြောင့်လဲ —
မျှော်လင့်ချက်ရှိသူဟာ
စိတ်ဖိစီးမှုကို ပိုခံနိုင်တယ်။
ကျန်းမာရေး အကျင့်တွေကို
ပိုတည်မြဲစွာ ထိန်းထားနိုင်တယ်။
ရှုပ်ထွေးမှုထဲက အဖြေကို ရှာတတ်တယ်။
မျှော်လင့်ခြင်းဟာ
မျက်စိ မှိတ်ထားခြင်း မဟုတ် —
မျက်စိ ဖွင့်ထားတဲ့ သတ္တိ။
သုံး — ပစ္စုပ္ပန်မှာ နေပါ
၂၀၁၀ ခုနှစ်မှာ
ဟားဗတ်တက္ကသိုလ် သုတေသီ
ကီလင်းဝပ်သ် နဲ့ ဂျီလ်ဘတ် ဟာ
လူ ၂,၂၅၀ ကျော်ကို
နေ့စဉ် မေးခွန်းသုံးခု မေးခဲ့တယ် —
“အခု မင်း ဘာ လုပ်နေလဲ။
အခု မင်း ဘာ တွေးနေလဲ။
အခု မင်း ဘယ်လောက် ပျော်နေလဲ။”
တွေ့ရှိချက်ကတော့
လူ့ဦးနှောက်ဟာ
နိုးနေတဲ့ အချိန်ရဲ့ ၄၇% မှာ
လက်ရှိလုပ်နေတဲ့ အရာနဲ့
မသက်ဆိုင်တဲ့ အရာတွေကို တွေးနေတယ်။
ခန္ဓာကိုယ်က တစ်နေရာ၊
ဦးနှောက်က တစ်နေရာ။
နောက်တစ်ချက် —
ဦးနှောက် လှည့်ဝဲနေတဲ့ အချိန်တိုင်းမှာ
လူတွေ မပျော်ရွှင်ကြဘူး။
ကောင်းတာပဲ တွေးတွေး၊
ဆိုးတာပဲ တွေးတွေး၊
သာမန်အရာပဲ တွေးတွေး
ပစ္စုပ္ပန်ကနေ ထွက်ခွာသွားတိုင်း
ပျော်ရွှင်မှု လျော့သွားတယ်။
“လှည့်ဝဲနေတဲ့ ဦးနှောက် = မပျော်ရွှင်တဲ့ ဦးနှောက်”
သုံးခုကို ပေါင်းကြည့်မယ်ဆိုရင်
တစ်ခုချင်းကြည့်ရင်
ဆန့်ကျင်နေသလို ထင်ရတယ်။
အဆိုးဆုံးကို ကြိုတွေးရမလား။
အကောင်းဆုံးကို မျှော်လင့်ရမလား။
ပစ္စုပ္ပန်မှာ နေရမလား။
တကယ်တော့
မဆန့်ကျင်ဘူး။
အချင်းချင်း ဖြည့်ပေးနေတာပါ။
အဆိုးဆုံးကို ကြိုကြည့်ထားတဲ့အခါ
ပစ္စုပ္ပန်မှာ မကြောက်တော့ဘူး။
အဆင်သင့်ဖြစ်နေပြီ။
အကောင်းဆုံးကို မျှော်လင့်ထားတဲ့အခါ
ပစ္စုပ္ပန်ကို ရင်ဆိုင်နိုင်တယ်။
ရှေ့မှာ အလင်း ရှိတယ်။
ပစ္စုပ္ပန်မှာ နေတဲ့အခါ —
ပြင်ဆင်မှု meaningful ဖြစ်တယ်။
မျှော်လင့်မှု meaningful ဖြစ်တယ်။
ပြင်ဆင်မှု = အန္တရာယ်စီမံခန့်ခွဲမှု
မျှော်လင့်မှု = အနာဂတ်အတွက်ယုံကြည်မှု
ပစ္စုပ္ပန် =
မနေ့နဲ့ မနက်ဖြန်ကို
ပေါင်းကူးပေးတဲ့ တစ်ခုတည်းသော နေရာ
အခုက
အသက်ရှင်နေတဲ့
တစ်ခုတည်းသော အချိန်။
Phyo Paing @ Derek