Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဖြစ်ရပ် မဟုတ်ဘူး။ဖြစ်ရပ်ကို ကိုင်တွယ်တဲ့ အတွေး။

လူတွေ ခန္ဓာကိုယ် မကျန်းမာရင်
ဆေးခန်း သွားတယ်။
ဆေးသောက်တယ်။
ကုသမှု ခံယူတယ်။

ဒါပေမယ့် စိတ် မကျန်းမာရင်
ဘာ လုပ်လဲ။

အများစုက ဘာမှ မလုပ်ဘူး။
ခံစားတယ်။
သိမ်းထားတယ်။
မေ့အောင် လုပ်တယ်။
ပြီးရင် ထပ်နာတယ်။

စိတ်ရဲ့ ဆေးက ဘာလဲ။
အတွေးအခေါ်။

အတွေးအခေါ်ဆိုတာ
ပညာတတ်တွေ ဆွေးနွေးတဲ့ အရာ မဟုတ်ဘူး။
ဒုက္ခ ကြုံတဲ့သူတွေအတွက် ဖြေဆေးပါ။

Stoic ပညာရှင် Epictetus က ပြောခဲ့ပါတယ်

“It is not things that disturb us,
but our judgments about things.”

ဖြစ်ရပ်က ကိုယ့်ကို မနှောင့်ယှက်ဘူး။
ဖြစ်ရပ်အပေါ် ကိုယ့်ရဲ့ အကဲဖြတ်ချက်က နှောင့်ယှက်တယ်။

ဒါ ဆေးပါ။

အလုပ်ပြုတ်တယ် ဆိုပါတော့။
ဖြစ်ရပ်က တစ်ခုပဲ။

“ငါ့ဘဝ ပြီးပြီ” လို့ အကဲဖြတ်ရင်
ဒုက္ခ ပိုကြီးလာတယ်။

“ဒါ ဦးတည်ရာ ပြောင်းဖို့ အခွင့်အလမ်း” လို့ အကဲဖြတ်ရင်
တူညီတဲ့ ဖြစ်ရပ်ကနေ ခွန်အား ရလာတယ်။

ဖြစ်ရပ် မပြောင်းဘူး။
အတွေး ပြောင်းတယ်။
ခံစားမှု ပြောင်းတယ်။
ရလဒ် ပြောင်းတယ်။

ဒါ theory မဟုတ်ဘူး။
ဒါ ဆေးဖော်နည်းပါ။

ဗုဒ္ဓက ယောနိသောမနသိကာရ အကြောင်း ဟောကြားခဲ့ပါတယ်။

“သင့်တော်စွာ နှလုံးသွင်းခြင်း” ဆိုတာ
ဖြစ်ရပ်ကို ဘယ်ထောင့်ကနေ ကြည့်လဲ ဆိုတာ။

မသင့်တော်စွာ နှလုံးသွင်းရင်
ဒုက္ခ ဖြစ်တယ်။

သင့်တော်စွာ နှလုံးသွင်းရင်
ပညာ ဖြစ်တယ်။

တူညီတဲ့ ဖြစ်ရပ်။
နှလုံးသွင်းပုံ ကွာတယ်။
ရလဒ် ကွာတယ်။

Epictetus နဲ့ ဗုဒ္ဓ
အနောက်တိုင်းနဲ့ အရှေ့တိုင်း
ထောင်စုနှစ်တွေ ကွာတယ်။

ဒါပေမယ့် ဆေးဖော်နည်းက အတူတူပါ။

ဖြစ်ရပ် မဟုတ်ဘူး။
ဖြစ်ရပ်ကို ကိုင်တွယ်တဲ့ အတွေး။

Phyo Paing @ Derek

Share Your Idea!​