မိတ်ဆွေတို့…
ဘဝကို ဖြစ်သလို မနေပါနဲ့။
ဘဝကို ဒီဇိုင်းလုပ်ပါ။
ဒီစကားကို ဘာကြောင့်ပြောလဲဆိုတော့—
အိမ်တစ်လုံးဆောက်ရင်တောင်
ကိုယ်လိုချင်တဲ့ပုံစံကို အရင်ဆွဲတယ်။
လုပ်ငန်းတစ်ခုလုပ်ရင်လည်း
Business Model ဆွဲတယ်။
Plan ချတယ်။
System ချတယ်။
ဒါပေမယ့်
ကိုယ့်ဘဝတစ်ခုလုံးကိုကျတော့
ဘာမှ သေချာမစဉ်းစားဘဲ
ဖြစ်လာသလို နေသွားတတ်ကြတယ်။
မနက်နိုးတယ်။
ဖုန်းကြည့်တယ်။
အလုပ်သွားတယ်။
အလုပ်လုပ်တယ်။
ပင်ပန်းတယ်။
ပြန်လာတယ်။
ဖုန်းကြည့်တယ်။
အိပ်တယ်။
ဒီလိုနဲ့ တစ်ရက်ပြီးတယ်။
တစ်ရက်ကနေ တစ်ပတ်။
တစ်ပတ်ကနေ တစ်လ။
တစ်လကနေ တစ်နှစ်။
နောက်ဆုံးကျတော့—
“ငါ့ဘဝက ဘာကြောင့် ဒီလိုဖြစ်နေတာလဲ”
ဆိုပြီး ပြန်မေးရတယ်။
တကယ်တော့
ဘဝက ကိုယ်မသိလိုက်ဘဲ
တစ်နေ့ပြီးတစ်နေ့ တည်ဆောက်နေတာပါ။
ဒါကြောင့် ကျွန်တော်က
ဘဝကို အကန့်ခြောက်ခုနဲ့ ပြန်ကြည့်တတ်တယ်။
ပထမတစ်ခု ကျန်းမာရေး။
ကျန်းမာရေးမရှိရင်
ကျန်တာရှိလည်း အသုံးချဖို့ခက်တယ်။
ဒါကြောင့် လေ့ကျင့်ခန်းလုပ်တယ်။
စားသောက်တာဂရုစိုက်တယ်။
အိပ်ချိန်ကို ဂရုစိုက်တယ်။
ဒုတိယက ငွေကြေး။
ပိုက်ဆံဆိုတာ
ချမ်းသာကြွားဝါဖို့တင် မဟုတ်ဘူး။
မနေချင်တဲ့နေရာမှာ မနေရဖို့၊
မလုပ်ချင်တဲ့အလုပ် မလုပ်ရဖို့၊
ကိုယ်လုပ်ချင်တာကို ရွေးချယ်နိုင်ဖို့။
ငွေကြေးက ကိုယ့်ကို
ရွေးချယ်ခွင့်ပေးတယ်။
တတိယက အလုပ်နဲ့ စီးပွားရေး။
တစ်နေ့လုံး အလုပ်လုပ်နေတာနဲ့
တိုးတက်နေတာ မတူဘူး။
ကိုယ်လုပ်နေတဲ့အလုပ်က
နောက်ငါးနှစ်၊ ဆယ်နှစ်မှာ
ကိုယ့်ကို ပိုတော်လာစေမလား။
ပိုတန်ဖိုးရှိလာစေမလား။
ပိုလွတ်လပ်လာစေမလား။
ဒါကိုကြည့်ရတယ်။
စတုတ္ထက ပညာနဲ့ တိုးတက်ရေး။
ဒီနေ့ သိထားတာနဲ့
နောက်ဆယ်နှစ်ကို ဖြတ်သန်းလို့မရဘူး။
ကမ္ဘာကြီးက ပြောင်းနေတယ်။
နည်းပညာတွေ ပြောင်းနေတယ်။
AI တွေ ပြောင်းနေတယ်။
ဈေးကွက်တွေ ပြောင်းနေတယ်။
ဒါကြောင့် ကိုယ်လည်း
အမြဲလေ့လာနေဖို့လိုတယ်။
ပဉ္စမက အချစ်နဲ့ ဆက်ဆံရေး။
ငွေအများကြီးရှိတယ်။
လုပ်ငန်းအောင်မြင်တယ်။
ဒါပေမယ့်
ကိုယ်ချစ်တဲ့သူတွေနဲ့ အဆင်မပြေဘူး။
မိသားစုနဲ့ အဆင်မပြေဘူး။
အနီးဆုံးလူတွေနဲ့ အမြဲပြဿနာဖြစ်နေတယ်ဆိုရင်—
ဘဝကလည်း အဆင်ပြေဖို့မလွယ်ဘူး။
နောက်ဆုံးက ဘဝရဲ့ အဓိပ္ပာယ်။
ကိုယ် ဘာအတွက် အသက်ရှင်နေတာလဲ။
ပိုက်ဆံပိုရဖို့လား။
နာမည်ပိုကြီးဖို့လား။
လူတွေအထင်ကြီးဖို့လား။
ဒါတွေအကုန်ရပြီးရင်ရော
ဘာဆက်လုပ်မလဲ။
ဒီမေးခွန်းကိုလည်း
တစ်ချိန်ချိန်မှာ ကိုယ့်ကိုယ်ကို မေးရမယ်။
ဒီတော့ မိတ်ဆွေတို့…
ဘဝကို ဒီဇိုင်းလုပ်ချင်ရင်
ဒီနေ့ပဲ စာရွက်တစ်ရွက်ယူပြီး
မေးခွန်းတစ်ခုမေးကြည့်ပါ။
“နောက် ၁၀ နှစ်မှာ
ငါ ဘယ်လိုဘဝမျိုးနဲ့ နေချင်သလဲ။”
ဘယ်မှာနေမလဲ။
ဘယ်သူတွေနဲ့ နေမလဲ။
ဘာအလုပ်လုပ်မလဲ။
ဝင်ငွေဘယ်လောက်ရှိမလဲ။
ခန္ဓာကိုယ်က ဘယ်လိုဖြစ်နေမလဲ။
တစ်နေ့တာကို ဘယ်လိုဖြတ်သန်းမလဲ။
ပြီးရင် နောက်တစ်ခုမေးပါ။
“ဒီလိုဘဝရဖို့
ဒီနှစ် ဘာလုပ်ရမလဲ။”
ပြီးရင်—
ဒီလ ဘာလုပ်ရမလဲ။
ဒီအပတ် ဘာလုပ်ရမလဲ။
နောက်ဆုံး—
ဒီနေ့ ဘာလုပ်ရမလဲ။
ဒါဆိုရင်
အနာဂတ်မှာ ဖြစ်ချင်တဲ့ဘဝနဲ့
ဒီနေ့လုပ်နေတဲ့အလုပ်
ချိတ်ဆက်သွားပြီ။
ဘဝပြောင်းတယ်ဆိုတာ
တစ်ညတည်းနဲ့ ပြောင်းသွားတာ မဟုတ်ဘူး။
ဒီနေ့ရွေးချယ်မှုက
မနက်ဖြန်ကို ဖန်တီးတယ်။
မနက်ဖြန်ရဲ့ ရွေးချယ်မှုက
နောက်တစ်ရက်ကို ဖန်တီးတယ်။
ဒီလိုနဲ့
ကိုယ့်ရွေးချယ်မှုတွေ စုပြီး
ကိုယ့်ဘဝဖြစ်လာတာ။
ဒါကြောင့်—
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့။
ကိုယ်ဖြစ်ချင်တဲ့လူကို ဒီဇိုင်းလုပ်ပါ။
ကိုယ်နေချင်တဲ့ဘဝကို ဒီဇိုင်းလုပ်ပါ။
ပြီးရင်
အဲဒီဘဝနဲ့ ကိုက်ညီတဲ့
တစ်နေ့တာကို ဒီနေ့ကစပြီး ဒီဇိုင်းလုပ်ပါ။
ဘာကြောင့်လဲဆိုတော့—
တစ်နေ့တာကို ဒီဇိုင်းလုပ်တာဟာ
ကိုယ့်ဘဝကို ကိုယ် ဒီဇိုင်းလုပ်နေတာပါပဲ။
Phyo Paing @ Derek