Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေဟာ Reality
တကယ့်အရှိတရားကို
တိုက်ရိုက်မြင်နေရတာ မဟုတ်ဘူး။

တစ်ခါတလေ
ဘဝကို ပိုအသက်ဝင်ဝင် နေတတ်ဖို့
ကိုယ်သေသွားပြီလို့
ခဏလောက် ခံစားကြည့်ဖို့လိုတယ်။

ထူးဆန်းတယ်။

ဒါပေမယ့် သေခြင်းကို
တကယ်နီးနီးကပ်ကပ် မြင်ဖူးတဲ့အခါ
နေ့တိုင်းအရေးကြီးတယ်ထင်နေတဲ့
ပြဿနာတော်တော်များများက
ရုတ်တရက် အရေးမကြီးတော့ဘူး။

မနေ့က အင်တာဗျူးနှစ်နာရီကျော်နားထောင်ပြီး
Robert Greene ရဲ့
The Law of the Sublime မှာ
စိတ်ဝင်စားစရာ အယူအဆတစ်ခုရှိတယ်။

လူတွေဟာ Reality
တကယ့်အရှိတရားကို
တိုက်ရိုက်မြင်နေရတာ မဟုတ်ဘူး။

ကိုယ့်ဦးနှောက်က ဖန်တီးထားတဲ့
ကမ္ဘာတစ်ခုထဲမှာ နေနေတာ။

ဘာသာစကား။

ယုံကြည်ချက်။

အတိတ်အတွေ့အကြုံ။

အတ္တ Ego။

လူမှုအသိုင်းအဝိုင်းရဲ့ စံနှုန်း။

Social Media။

Algorithm။

သူများတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတဲ့
စိုးရိမ်မှု။

ဒါတွေအကုန်ပေါင်းပြီး
Reality ပေါ်မှာ Filter တွေ
တစ်ထပ်ပြီးတစ်ထပ် တင်ပေးထားတယ်။

ဒီ Filter တွေကြားမှာ နေရင်း
လူက Reality ကို မမြင်တော့ဘူး။

Reality အကြောင်း
ကိုယ့်ခေါင်းထဲမှာ ဖန်တီးထားတဲ့
ဇာတ်လမ်းကိုပဲ မြင်တော့တယ်။

အလုပ်မှာ လူတစ်ယောက်
ကိုယ့်ကို မလေးစားသလို ခံစားရတာ။

Social Media မှာ
ကိုယ့် Post Reach ကျတာ။

သူများက ကိုယ့်ထက်
ပိုအောင်မြင်နေသလို မြင်ရတာ။

တစ်ယောက်ယောက်က
ကိုယ့်ကို အထင်မကြီးတာ။

ဒါတွေက ခေါင်းထဲမှာ
အကြီးကြီးဖြစ်နေတတ်တယ်။

ဘာကြောင့်လဲ။

ကိုယ့်ကမ္ဘာငယ်လေးထဲမှာ
ကိုယ်က အဓိကဇာတ်ကောင်ဖြစ်နေလို့။

ဒါကို ခဏဖောက်ထွက်နိုင်တဲ့
အပြင်းထန်ဆုံးနည်းလမ်းတစ်ခုက

သေခြင်း။

သေခြင်းအကြောင်း
တွေးရုံမဟုတ်ဘူး။

သေရတော့မယ့် အတွေ့အကြုံကို
စိတ်ကူးထဲမှာ
ခန္ဓာကိုယ်နဲ့ပါ ခံစားကြည့်တာ။

ဒါကို Active Death Ritual
လို့ခေါ်နိုင်တယ်။

အဆင့် ၁။

တိတ်ဆိတ်တဲ့ နေရာတစ်ခုရှာပါ။

ဖုန်းကို ခဏချထားပါ။

Notification ပိတ်ထားပါ။

အလင်းကို မှိန်ထားပါ။

တစ်ယောက်တည်း
အေးအေးဆေးဆေး လှဲလိုက်ပါ။

မျက်လုံးမှိတ်ပါ။

ဘာမှပြင်ဖို့ မကြိုးစားပါနဲ့။

အသက်ရှူနေတာကိုပဲ
သတိထားကြည့်ပါ။

ဝင်တယ်။

ထွက်တယ်။

ဝင်တယ်။

ထွက်တယ်။

နေ့တိုင်း အလိုအလျောက်ဖြစ်နေလို့
သာမန်ထင်ထားတဲ့
အသက်ရှူခြင်းကို သတိထားကြည့်ပါ။

တစ်နေ့မှာ
ဒီအသက်ရှူမှုက
နောက်ဆုံးတစ်ချက်ရှိလာမယ်။

ဘယ်နေ့လဲ မသိဘူး။

ဒါပေမယ့်
ရှိလာမယ်ဆိုတာတော့ သိတယ်။

အဆင့် ၂။

ကိုယ့်ခန္ဓာကိုယ်က
တဖြည်းဖြည်း လေးလာတယ်လို့
စိတ်ကူးကြည့်ပါ။

လက်တွေ လေးလာတယ်။

ခြေထောက်တွေ လေးလာတယ်။

ခန္ဓာကိုယ်တစ်ခုလုံး
အောက်ကို နစ်ဆင်းသွားသလို
ခံစားကြည့်ပါ။

အခန်းထဲက အသံတွေ
တဖြည်းဖြည်း ဝေးသွားတယ်။

အပြင်က လူတွေရဲ့အသံတွေ
ဝေးသွားတယ်။

ကိုယ်နေ့တိုင်း စိုးရိမ်နေတဲ့
အရာတွေပါ ဝေးသွားတယ်။

လုပ်ငန်း။

ပိုက်ဆံ။

ရာထူး။

ဂုဏ်သိက္ခာ။

Followers။

Comments။

ကိုယ့်ကို ဘယ်သူကြိုက်လဲ။

ဘယ်သူမကြိုက်လဲ။

ဘယ်သူက ကိုယ့်ကို
ဘာပြောထားလဲ။

မနက်ဖြန် Meeting။

နောက်လ Target။

ဒီနှစ် Revenue။

အရာအားလုံး
ကိုယ့်ဆီကနေ ဝေးသွားတယ်။

ဒီအချိန်မှာ
မေးခွန်းတစ်ခု ပေါ်လာနိုင်တယ်။

“တကယ်လို့ ဒီနေ့ပြီးသွားပြီဆို
ငါ စိတ်ပူနေတဲ့အရာတွေထဲက
ဘယ်နှခုက တကယ်အရေးကြီးသေးလဲ။”

အဆင့် ၃။

အခု ကိုယ်သေသွားပြီလို့
စိတ်ကူးကြည့်ပါ။

ကြောက်ဖို့မဟုတ်ဘူး။

ကြည့်ဖို့။

ကိုယ့်ခန္ဓာကိုယ်ကို
အပြင်ကနေ ပြန်ကြည့်နေတယ်လို့
စိတ်ကူးကြည့်ပါ။

အိပ်ရာပေါ်မှာ
ခန္ဓာကိုယ်တစ်ခု ကျန်နေတယ်။

မနေ့ကထိ
“ငါ” လို့ ခေါ်ခဲ့တဲ့ခန္ဓာကိုယ်။

“ငါ့အောင်မြင်မှု”

“ငါ့ပိုက်ဆံ”

“ငါ့လုပ်ငန်း”

“ငါ့အိမ်”

“ငါ့ကား”

“ငါ့နာမည်”

“ငါ့ဂုဏ်”

လို့ ပြောခဲ့တဲ့ “ငါ” က
အခု ဘယ်မှာလဲ။

ဒီနေရာမှာ Ego ရဲ့
ထူးဆန်းမှုကို မြင်လာနိုင်တယ်။

တစ်ဘဝလုံး
“ငါ့ဟာ” လို့ စုထားခဲ့တာတွေကို

နောက်ဆုံးမှာ
တစ်ခုမှ ယူသွားလို့မရဘူး။

ကိုယ့်ခန္ဓာကိုယ်တောင်
ထားခဲ့ရတယ်။

အဆင့် ၄။

အခု စိတ်ကူးထဲမှာ
အပြင်ကို ထွက်ကြည့်ပါ။

ဒီကမ္ဘာကြီးကို
နောက်ဆုံးတစ်ခေါက်
မြင်ခွင့်ရတယ်လို့ သဘောထားပါ။

လမ်းဘေးက သစ်ပင်ကို ကြည့်ပါ။

အရင်နေ့တိုင်း ဖြတ်သွားပေမယ့်
သေချာမကြည့်ခဲ့တဲ့ သစ်ပင်။

လေတိုက်တဲ့အခါ
သစ်ရွက်တွေလှုပ်နေတာ ကြည့်ပါ။

ကောင်းကင်ကို ကြည့်ပါ။

တိမ်တွေ ရွေ့နေတာ ကြည့်ပါ။

ငှက်တစ်ကောင် ပျံသွားတာ ကြည့်ပါ။

လူတွေ လမ်းလျှောက်နေတာ ကြည့်ပါ။

တစ်ယောက်ယောက် ရယ်နေတာ ကြည့်ပါ။

ကလေးတစ်ယောက် ပြေးနေတာ ကြည့်ပါ။

ကိုယ်ချစ်တဲ့သူရဲ့
မျက်နှာကို ပြန်မြင်ကြည့်ပါ။

ပြီးရင် စိတ်ကူးကြည့်ပါ။

ဒါတွေအားလုံးကို
နောက်တစ်ကြိမ်
ဘယ်တော့မှ မမြင်ရတော့ဘူး။

ဒီအခါ
အရင်က သာမန်လို့ထင်ခဲ့တာတွေ
သာမန်မဟုတ်တော့ဘူး။

လေတစ်ချက်တိုက်တာတောင်
ထူးခြားလာတယ်။

ရေတစ်ခွက်သောက်ရတာတောင်
ထူးခြားလာတယ်။

နေရောင်ကို ခံစားရတာတောင်
ထူးခြားလာတယ်။

ကိုယ်ချစ်တဲ့သူနဲ့
စားပွဲတစ်ခုမှာ အတူထိုင်နေရတာတောင်
ကံကောင်းမှုကြီးတစ်ခုလို ဖြစ်လာတယ်။

Reality မပြောင်းဘူး။

ကိုယ်မြင်တဲ့ Filter ပဲ ပြောင်းသွားတာ။

ဒါ Sublime ရဲ့ အစဖြစ်နိုင်တယ်။

နေ့တိုင်းမြင်နေရလို့
သာမန်ထင်ထားတဲ့ ကမ္ဘာကြီးကို

ထူးဆန်းတဲ့အရာတစ်ခုအဖြစ်
ပြန်မြင်နိုင်လာတာ။

အဆင့် ၅။

အခု ဖြည်းဖြည်းချင်း
ကိုယ့်ခန္ဓာကိုယ်ဆီ ပြန်လာပါ။

အသက်ရှူသွင်းပါ။

အသက်ရှူထုတ်ပါ။

လက်ချောင်းလေးတွေ
လှုပ်ကြည့်ပါ။

ခြေချောင်းလေးတွေ
လှုပ်ကြည့်ပါ။

ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို
ပြန်ခံစားကြည့်ပါ။

ပြီးရင်
မျက်လုံးဖွင့်ပါ။

အခန်းက
အရင်အခန်းပဲ။

ကမ္ဘာကြီးက
အရင်ကမ္ဘာကြီးပဲ။

ဒါပေမယ့်
ကိုယ်မြင်ပုံက
ခဏလောက် ကွာသွားနိုင်တယ်။

အရေးကြီးဆုံးက

ကိုယ် အသက်ရှင်နေသေးတယ်။

အခု အသက်ရှူလို့ရသေးတယ်။

အခု စကားပြောလို့ရသေးတယ်။

အခု ကိုယ်ချစ်တဲ့သူကို
ဖုန်းဆက်လို့ရသေးတယ်။

တောင်းပန်စရာရှိရင်
တောင်းပန်လို့ရသေးတယ်။

ကျေးဇူးတင်စရာရှိရင်
ကျေးဇူးတင်လို့ရသေးတယ်။

အဆုံးသတ်စရာရှိရင်
အဆုံးသတ်လို့ရသေးတယ်။

စတင်စရာရှိရင်
စတင်လို့ရသေးတယ်။

ပြောင်းလဲစရာရှိရင်
ပြောင်းလဲလို့ရသေးတယ်။

ဒါက အရေးကြီးတယ်။

သေခြင်းကို တကယ်သတိရလိုက်တဲ့အခါ
အရေးမကြီးတာနဲ့
အရေးကြီးတာ ကွဲလာတယ်။

လူတစ်ယောက်
ကိုယ့်ကို အထင်မကြီးတာထက်

ကိုယ်ချစ်တဲ့သူတွေနဲ့
အချိန်ရှိသေးတာက ပိုအရေးကြီးတယ်။

Followers ဘယ်လောက်ရှိလဲထက်
ကိုယ်ဖန်တီးနေတဲ့အရာက
လူတွေအတွက် တကယ်အသုံးဝင်လားက
ပိုအရေးကြီးတယ်။

သူများထက် သာဖို့ထက်
ကိုယ်သေတဲ့နေ့မှာ

“ငါ နားလည်သလောက်
ဒီဘဝကို အကောင်းဆုံးနေခဲ့တယ်”

လို့ ပြောနိုင်ဖို့က
ပိုအရေးကြီးတယ်။

ဗုဒ္ဓဘာသာမှာလည်း
မရဏာနုဿတိဆိုတာရှိတယ်။

သေခြင်းကို အဖန်ဖန် အောက်မေ့ခြင်း။

ရည်ရွယ်ချက်က
သေမှာကြောက်ပြီး နေဖို့မဟုတ်ဘူး။

မသေသေးတဲ့အချိန်ကို
မဖြုန်းဖို့။

သေမယ်ဆိုတာ သိတဲ့သူက
ဒီနေ့ကို ပိုတန်ဖိုးထားတယ်။

အနိစ္စကို နားလည်တဲ့သူက
အရာရာကို အရမ်းဆုပ်ကိုင်မထားတော့ဘူး။

ကိုယ့်အတ္တအတွက်
အနိုင်ရဖို့ထက်

ကိုယ့်ဘဝအတွက်
အဓိပ္ပာယ်ရှိတာကို ပိုရွေးတတ်လာတယ်။

Robert Greene ရဲ့ Sublime ကို
ဒီလိုလည်း နားလည်လို့ရတယ်။

လူတွေဟာ Reality ထဲမှာ
နေကြတာထက်

Reality အကြောင်း
ကိုယ့်ခေါင်းထဲမှာ ဖန်တီးထားတဲ့
Simulation ထဲမှာ နေကြတာပိုများတယ်။

“ငါ ဒီလိုဖြစ်ရမယ်။”

“လူတွေ ငါ့ကို ဒီလိုမြင်ရမယ်။”

“ဒီအသက်အရွယ်မှာ ဒီလောက်ရှိရမယ်။”

“သူက ငါ့ကို ဒီလိုဆက်ဆံရမယ်။”

“ငါ ဒီလူထက် သာရမယ်။”

ဒီလို ဇာတ်လမ်းတွေကြားမှာ
Reality ကို ပျောက်သွားတတ်တယ်။

သေခြင်းက
ဒီဇာတ်လမ်းတွေကို ဖြိုချလိုက်တယ်။

နောက်ဆုံးမှာ ကျန်တာက ရိုးရှင်းတယ်။

ကိုယ် ဒီမှာရှိနေတယ်။

အသက်ရှူနေတယ်။

ကမ္ဘာကြီးက ရှိနေတယ်။

အချိန်က ကုန်နေတယ်။

တစ်နေ့
ကိုယ် မရှိတော့ဘူး။

ဒီအချက်ကို
ဉာဏ်နဲ့ သိရုံမဟုတ်ဘဲ
တကယ်ခံစားမိတဲ့အချိန်

ဘဝက ပြန်အသက်ဝင်လာတယ်။

သေခြင်းကို အောက်မေ့တာက
ဘဝကို မုန်းဖို့မဟုတ်ဘူး။

ဘဝကို ပိုချစ်တတ်ဖို့။

သေခြင်းကို ခံစားကြည့်တာက
ကြောက်ရွံ့ဖို့မဟုတ်ဘူး။

နိုးထဖို့။

တစ်နေ့ သေဖို့
အဆင်သင့်ဖြစ်အောင် နေပါ။

ဒါပေမယ့် မသေခင်အထိတော့

အသက်ရှင်နေရုံ မနေပါနဲ့။

အသက်ဝင် နေကြည့်ပါ။

Phyo Paing @ Derek

Share Your Idea!​