ဘဝကို တကယ်ခံစားနေတာထက်
ဘဝအကြောင်း ကိုယ့်ခေါင်းထဲက ဇာတ်လမ်းကို
ခံစားနေရတာ ပိုများနေနိုင်တယ်။
လူ့စိတ်ရဲ့ ထူးခြားချက်တစ်ခုရှိတယ်။
ဖြစ်ရပ်တစ်ခု ဖြစ်လာတာနဲ့
ဖြစ်ရပ်အတိုင်း မထားနိုင်ဘူး။
ချက်ချင်း အဓိပ္ပာယ်ဖွင့်တယ်။
မြင်တယ်။
ကြားတယ်။
ခံစားတယ်။
ဒီအထိက အတွေ့အကြုံ ပဲ။
ပြီးရင် အတွေးဝင်လာတယ်။
“ဒါဘာလဲ။”
“ကောင်းလား၊ ဆိုးလား။”
“ငါ့အတွက် ဘာအဓိပ္ပာယ်ရှိလဲ။”
“ဘာကြောင့် ဒီလိုဖြစ်တာလဲ။”
“နောက်ဘာဖြစ်မလဲ။”
ဒီကနေ
အတွေ့အကြုံ → အဓိပ္ပာယ်ဖွင့်မှု → ဇာတ်လမ်း → ဒုက္ခ
ဖြစ်လာနိုင်တယ်။
ဥပမာ
ကိုယ် စာပို့ထားတယ်။
တစ်ဖက်က စာမပြန်သေးဘူး။
တကယ့်ဖြစ်ရပ်က ရိုးရိုးလေး။
“စာမပြန်သေးဘူး။”
ဒါပါပဲ။
ဒါပေမယ့် စိတ်က ဒီအတိုင်းမထားဘူး။
“သူစိတ်ဆိုးနေတာလား။”
“ငါတစ်ခုခု မှားပြောမိလား။”
“သူငါ့ကို အရေးမထားတော့ဘူးလား။”
“လူတွေက ငါ့ကို အမြဲဒီလိုပဲ။”
ဖြစ်ရပ်တစ်ခုကနေ
ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားတယ်။
အခု ကိုယ်ခံစားနေရတာ
စာမပြန်တာကို မဟုတ်တော့ဘူး။
ကိုယ့်စိတ်က ဖန်တီးထားတဲ့
ဇာတ်လမ်းကို ခံစားနေရတာ။
ဒါဆို အတွေးက ဘာကြောင့်
အမြဲ ဇာတ်လမ်းဖန်တီးနေတာလဲ။
အကြောင်းရှိတယ်။
လူ့ဦးနှောက်က
အတိတ်ကိုသုံးပြီး အနာဂတ်ကို ခန့်မှန်းဖို့
တည်ဆောက်လာခဲ့တာ။
တောထဲမှာ အသံတစ်ခုကြားရင်
“အသံပဲ။”
ဆိုပြီးထားလို့မရဘူး။
“ဘာအသံလဲ။”
“သားရဲလား။”
“အန္တရာယ်ရှိလား။”
“ပြေးရမလား။”
ဆိုပြီး ခန့်မှန်းနိုင်မှ အသက်ရှင်နိုင်မယ်။
ဒါကြောင့် ဦးနှောက်က
ဖြစ်ရပ်ကို အဓိပ္ပာယ်ဖွင့်တယ်။
အနာဂတ်ကို ခန့်မှန်းတယ်။
ဇာတ်လမ်းဖန်တီးတယ်။
ရှင်သန်ရေးအတွက် အသုံးဝင်တယ်။
ဒါပေမယ့် ဒီစနစ်ကပဲ
အချစ်ရေး၊
ပိုက်ဆံ၊
အလုပ်၊
ဂုဏ်သိက္ခာ၊
ကိုယ့်ဖြစ်တည်မှု၊
အနာဂတ်
အကုန်လုံးပေါ်မှာ ဆက်အလုပ်လုပ်နေတယ်။
ဒါကြောင့် ပြဿနာက
အတွေးရှိနေတာ မဟုတ်ဘူး။
အတွေးတိုင်းကို
အမှန်တရားလို့ ယုံလိုက်တာ။
“ငါမအောင်မြင်တော့ဘူး။”
ဒါ အမှန်တရားလား။
ဒါမှမဟုတ်
အခုအချိန်မှာ ဦးနှောက်က ဖန်တီးလိုက်တဲ့
ဇာတ်လမ်းတစ်ပုဒ်လား။
“သူငါ့ကို မချစ်တော့ဘူး။”
အမှန်တရားလား။
ဒါမှမဟုတ်
ကိုယ့်ရဲ့ ကြောက်ရွံ့မှုက
အဖြစ်အပျက်တစ်ခုကို အဓိပ္ပာယ်ဖွင့်လိုက်တာလား။
ဒီကွာခြားချက်ကို မြင်နိုင်တဲ့အခါ
အရေးကြီးတဲ့ မေးခွန်းတစ်ခု ပေါ်လာတယ်။
“အတွေးကို ဘယ်လိုရပ်မလဲ” မဟုတ်ပါဘူး။
“အတွေးပေါ်လာတိုင်း
ဇာတ်လမ်းထဲ မဝင်ဘဲ
အတွေးကို အတွေးအဖြစ် ကြည့်နိုင်မလား။”
ဒါအရေးကြီးတယ်လို့ ထင်ပါတယ်။
ဝမ်းနည်းတယ်။
ဒါ အတွေ့အကြုံ။
“ငါ့ဘဝက ဘာလို့အမြဲဒီလိုဖြစ်နေတာလဲ။”
ဒါ ဇာတ်လမ်း။
ပျော်တယ်။
ဒါ အတွေ့အကြုံ။
“ဒီလိုပျော်ဖို့ ဒီအရာကို အမြဲလိုတယ်။”
ဒါ ဇာတ်လမ်း။
မသေချာဘူး။
ဒါ အတွေ့အကြုံ။
“ငါ့ဘဝမှာ တစ်ခုခုမှားနေပြီ။”
ဒါ ဇာတ်လမ်း။
ဒီနှစ်ခုကို ခွဲမြင်နိုင်တာ
သတိ ပဲ။
သတိဆိုတာ
အတွေးမရှိတော့တာ မဟုတ်ဘူး။
အတွေးကို
အတွေးအဖြစ် သိနေတာ။
ခံစားချက်ကို
ခံစားချက်အဖြစ် သိနေတာ။
ဖြစ်ရပ်ကို
ကိုယ့်ဇာတ်လမ်းမထည့်ခင်
ဖြစ်ရပ်အဖြစ် မြင်နိုင်တာ။
အတွေးက လိုတဲ့အချိန်မှာ သုံး။
စီမံကိန်းဆွဲ။
ပြဿနာဖြေရှင်း။
အနာဂတ်အတွက် ပြင်ဆင်။
ဒါပေမယ့် အတွေးမလိုတဲ့အချိန်မှာတော့
ဘဝကို အတွေးနဲ့ပဲ မဖြတ်သန်းနဲ့။
ကော်ဖီသောက်ရင် အရသာခံစား။
လမ်းလျှောက်ရင် လေကိုခံစား။
အသက်ရှူနေရင် အသက်ရှူနေတာကို သိ။
မြင်တာကို မြင်။
ကြားတာကို ကြား။
ခံစားတာကို ခံစား။
ဇာတ်လမ်းမလိုတဲ့အချိန်
ဇာတ်လမ်းမထည့်နဲ့။
ဘာကြောင့်လဲဆိုတော့
အတွေးက ဘဝအကြောင်း
ဇာတ်လမ်းပြောင်းလိုက်နိုင်တယ်။
ဒါပေမယ့်
အဲဒီဇာတ်လမ်းက ဘဝကိုယ်တိုင် မဟုတ်ဘူး။
ဇာတ်လမ်းတွေဖန်တီးခြင်းကြောင့်
ဖြစ်တဲ့ စိတ်ဒုက္ခက ကင်းဝေးဖို့
ဒါလေး အားတီ၊ အားမေတို့အတွက်
မျှဝေပေးလိုက်ပါတယ်။
Phyo Paing @ Derek