အရာရာက စိတ်ကနေ စပါတယ်။
ဗုဒ္ဓက ဓမ္မပဒ ရဲ့ ပထမဆုံး စာကြောင်းမှာ
ဒါကို ဟောကြားခဲ့ပါတယ်။
“မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ”
စိတ်က ရှေ့ဆောင်တယ်။ စိတ်က အဓိက။
စိတ်က ဦးဆောင်ပြီး ကျန်တာ အားလုံး လိုက်လာတယ်။
အရာရာဟာ စိတ်နဲ့ပဲ ပြီးစေတယ်။
ပြောတဲ့ စကား — စိတ်ထဲက လာတယ်။
လုပ်တဲ့ အလုပ် — စိတ်ထဲက လာတယ်။
ဖြစ်တဲ့ ရလဒ် — စိတ်ထဲက လာတယ်။
ဒါဆို ဘဝကို ပြောင်းချင်ရင်
ပြင်ပကို ပြောင်းစရာ မလိုပါဘူး။
စိတ်ကို ပြောင်းရုံပါပဲ။
ဒါပေမယ့် လူအများစု ပြောင်းပြန် လုပ်ပါတယ်။
ငွေ ပိုရချင်တယ် — အလုပ် ပိုလုပ်တယ်။
ဒါပေမယ့် “ငါ ချမ်းသာဖို့ မထိုက်တန်ဘူး” ဆိုတဲ့
စိတ်ထဲက ယုံကြည်ချက်ကို မပြောင်းဘူး။
ပိုရလာတိုင်း ပိုဖြုန်းမိတယ်။
Thermostat (အပူချိန်ထိန်းကိရိယာ) ပြန်ဆွဲချနေတာ။
Relationship ကောင်းချင်တယ် — လူ ပြောင်းတယ်။
ဒါပေမယ့် ကိုယ့်ထဲက attachment pattern ကို မပြောင်းဘူး။
လူ ပြောင်းပေမယ့် ပြဿနာ ထပ်တူ ထပ်ဖြစ်တယ်။
Business ကြီးချင်တယ် — strategy ပြောင်းတယ်။
ဒါပေမယ့် “ငါ တစ်ယောက်တည်း လုပ်မှ ဖြစ်မယ်” ဆိုတဲ့
စိတ်ထဲက ယုံကြည်ချက်ကို မပြောင်းဘူး။
ဘယ်လောက် strategy ကောင်းကောင်း delegate မလုပ်နိုင်ဘူး။
ပြင်ပက အကျိုးတရား (Effect) ဖြစ်ပြီး၊
စိတ်က အကြောင်းတရား (Cause) ဖြစ်တယ်
အကြောင်း မပြောင်းဘဲ အကျိုး ပြောင်းချင်တာ
အမြစ် မဆွဲဘဲ ပင်စည် တွန်းနေတာနဲ့ အတူတူပါပဲ။
ဗုဒ္ဓက ဆက်ပြီး ဟောကြားခဲ့ပါတယ်။
“မနသာ စေ ပဒုဋ္ဌေန
ဘာသတိ ဝါ ကရောတိ ဝါ
တတော နံ ဒုက္ခ မန္ဝေတိ”
စိတ်ညစ်ညူးပြီး ပြောရင် ဖြစ်ဖြစ် လုပ်ရင် ဖြစ်ဖြစ်
ဒုက္ခက လိုက်လာတယ်။
လှည်းဘီး နွားခြေရာ လိုက်သလိုပဲ။
“မနသာ စေ ပသန္နေန
ဘာသတိ ဝါ ကရောတိ ဝါ
တတော နံ သုခ မန္ဝေတိ”
စိတ်ကြည်လင်ပြီး ပြောရင် ဖြစ်ဖြစ် လုပ်ရင် ဖြစ်ဖြစ်
သုခက လိုက်လာတယ်။
အရိပ် ကိုယ့်ကို မချွတ်သလိုပဲ။
ဒါ ရိုးရှင်းပါတယ်။
ဒါပေမယ့် ဒါကို တကယ် ကျင့်သုံးတဲ့သူ ရှားပါတယ်။
မနက်တိုင်း ကိုယ့် ပထမဆုံး အတွေးက ဘာလဲ။
“ဒီနေ့ ဘာ ပြဿနာ ကြုံမလဲ”
ဒါ စိတ်ညစ်ညူးမှု။
ဒီစိတ်နဲ့ စတဲ့ နေ့က ဒုက္ခနဲ့ ဆုံးပါတယ်။
“ဒီနေ့ ဘာ ဖန်တီးမလဲ”
ဒါ စိတ်ကြည်လင်မှု။
ဒီစိတ်နဲ့ စတဲ့ နေ့က သုခနဲ့ ဆုံးပါတယ်။
ဖြစ်ရပ် မပြောင်းပါဘူး။
ဒါပေမယ့် ဖြစ်ရပ်ကို ကြည့်တဲ့ စိတ် ပြောင်းရင်
အရာရာ ပြောင်းသွားပါတယ်။
ဗုဒ္ဓက ဆေးမပေးရုံတင်မဟုတ်ပါဘူး
ဗုဒ္ဓက ဆေးဖော်နည်းပါပေးခဲ့တယ်လို့တောင်ဆိုလို့ရပါတယ်။
ဆေးက — ပြင်ပ ဖြေရှင်းချက်။ ခဏ သက်သာတယ်။
ဆေးဖော်နည်းက — အတွင်း ပြောင်းလဲမှု။ ရေရှည် ပြောင်းတယ်။
ဆေးဖော်နည်း က စိတ်ပါ။
စိတ်ကို ပြောင်းပါ။
ဘဝ ပြောင်းပါတယ်။
ပါဠိစကားလုံးတွေလဲ ကိုယ်နဲ့မရင်းနှီးပေမယ့်
အားလုံးဖတ်ရတာပိုအဆင်ပြေအောင်
ထည့်ရေးလိုက်ပါတယ်။
အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။
Phyo Paing @ Derek