Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အာရုံ ဘယ်ကို သွားနေလဲ —ကြည့်ပါ။

အာရုံစီမံခန့်ခွဲမှု

အချိန်က တန်းတူညီမျှပါ။
တစ်နေ့ ၂၄ နာရီ။
လူတိုင်းအတွက် အတူတူပဲ။

ဒါပေမယ့် ရလဒ်က ဘာလို့ ကွာသွားတာလဲ။

အချိန်ကို စီမံတာ မဟုတ်ဘူး။
အာရုံ (attention) ကို စီမံတာ။

အချိန်က ထွက်ပြေးနေတဲ့ မြင်းတစ်ကောင်လိုပဲ။
ဖမ်းလို့ မရဘူး။
ဘယ်သူမှ မရပ်နိုင်ဘူး။

ဒါပေမယ့် အာရုံကတော့
ကိုယ်တိုင် ချုပ်ကိုင်နိုင်တာ။
ဘယ်ကိုပြောင်းမယ်၊ ဘယ်ကိုအာရုံစိုက်မယ် —
ဒါ ကိုယ်ရွေးချယ်လို့ရတယ်။

မနက်ရောက် ဖုန်းကောက်ကိုင်လိုက်တာနဲ့
Instagram မှာ ၁၅ မိနစ်ပျောက်။
Facebook မှာ ၂၀ မိနစ်ပျောက်။
YouTube Shorts မှာ မသိဘဲ ၄၅ မိနစ်ပျောက်။

အချိန်ပျောက်တာ မဟုတ်ဘူး။
အာရုံ ပျောက်တာ။

အာရုံစိုက်အလုပ််လုပ်ချင်တယ်။
ဦးနှောက်က ဘာလို့ မလုပ်နိုင်တော့တာလဲဆိုတော့ —
အာရုံ စုစည်းနိုင်တဲ့ စွမ်းအား
မနက်စောစောကတည်းက အကုန်ခံပြီးသား ဖြစ်သွားလို့။

အမေရိကန် စိတ်ပညာရှင် William James က
“My experience is what I agree to attend to.” လို့ ပြောခဲ့တယ်။
ကိုယ်ရဲ့ အတွေ့အကြုံဆိုတာ
ကိုယ် အာရုံစိုက်ဖို့ သဘောတူခဲ့တဲ့ အရာတွေပဲ တဲ့။

ဆိုလိုတာက —
ကိုယ်ဘယ်မှာ အာရုံစိုက်သလဲ
အဲ့ဒါပဲ ကိုယ့်ဘဝ ဖြစ်တယ်။

ဘုရားရှင် ညွှန်ပြခဲ့တဲ့ မနသိကာရ (ဆင်ခြင်တုံအာရုံထားခြင်း) ဆိုတာ
ဒီအချက်ပဲ။

ယောနိသော မနသိကာရ — မှန်ကန်စွာ အာရုံပြုခြင်း။
အယောနိသော မနသိကာရ — မမှန်မကန် အာရုံပြုခြင်း။

မှန်တဲ့အရာကို အာရုံပြုရင် ကုသိုလ်စိတ်တက်တယ်။
မှားတဲ့အရာကို အာရုံပြုရင် အကုသိုလ်စိတ်တက်တယ်။

ဒါ ၂၆၀၀ နှစ်ကြာခဲ့တဲ့ စကား။
ဒါပေမယ့် ဒီနေ့ Attention Economy ခေတ်မှာ
ပိုမှန်လာနေတယ်။

လူတိုင်း ကိုယ့်အာရုံကို ယူချင်နေတာ။
Platform တိုင်း၊ Notification တိုင်း၊ ကြော်ငြာတိုင်း —
ကိုယ့်အာရုံကို အမြတ်ထုတ်ဖို့ ဒီဇိုင်းလုပ်ထားတာ။

ကိုယ်က အာရုံ မစီမံရင်
သူများက ကိုယ့်အာရုံကို စီမံသွားမယ်။

လက်တွေ့ ဘယ်လို စီမံမလဲ —

အရေးကြီးဆုံးအလုပ်ကို မနက်ပထမ ၉၀ မိနစ် ပေးပါ။
ဖုန်းကို အကွာထား။
Notification တွေ ပိတ်ထား။

အာရုံ တစ်ခုတည်းကို ၉၀ မိနစ်ခွင့်ပေးလိုက်ရင်
တစ်နေ့ ထုတ်လုပ်မှု သုံးဆ တက်သွားနိုင်တယ်။

ဒါ productivity အကြောင်း မဟုတ်ဘူး။
ဒါ ကိုယ့်ဘဝကို ဘယ်သူကိုင်မလဲဆိုတဲ့ အကြောင်း။

အာရုံ ဘယ်ကို သွားနေလဲ —
ကြည့်ပါ။
ဘဝ အဲ့ဒီကိုပဲ သွားနေတယ်။

Phyo Paing @ Derek

Share Your Idea!​