လူအများစုက ကိုယ့်ဘဝကို
ကိုယ် ထိန်းချုပ်နေတယ် ထင်တယ်။
တကယ်က မထိန်းချုပ်ပါဘူး။
လူအများစုက
ကိုယ့်ဘဝကို ကိုယ် ရွေးချယ်နေတယ် ထင်တယ်။
ကိုယ့် ဆုံးဖြတ်ချက်တွေကို ကိုယ် ချနေတယ် ထင်တယ်။
ကိုယ့် တုံ့ပြန်မှုတွေကို ကိုယ် ထိန်းနေတယ် ထင်တယ်။
တကယ်က —
ဘဝက မျက်စိ မမြင်ရတဲ့
ဘီးလည်ချက် တစ်ခု အပေါ်မှာ လည်နေတယ်။
ဖဿ → ဝေဒနာ → တုံ့ပြန်မှု → လုပ်ရပ် → ရလဒ်
တစ်ခုခု ဖြစ်တယ် → တစ်ခုခု ခံစားရတယ် → ချက်ချင်း တုံ့ပြန်တယ် → တူညီတဲ့ pattern ပုံစံ ထပ်လုပ်တယ်။
ဒါပါပဲ။
ဒီ loop ထဲမှာ
ကိုယ့် ဘဝ တစ်ခုလုံး လည်နေတယ်
ကိုယ် မသိဘဲ။
ဗုဒ္ဓက ဒါကို ပဋိစ္စသမုပ္ပါဒ် လို့ ဟောကြားခဲ့ပါတယ်။
အကြောင်း ရှိလို့ အကျိုး ဖြစ်တယ်။
အကျိုး ရှိလို့ နောက်ထပ် အကျိုး ဖြစ်တယ်။
ဆက်တိုက် ဆက်တိုက် ဆက်တိုက်။
ဒီ chain ကို ကိုယ် မမြင်ရဘူး
ဒါပေမယ့် ကိုယ့်ကို ထိန်းချုပ်နေတယ်။
ဘယ်လို ထိန်းချုပ်နေလဲ
အကြမ်းဖျင်းရှင်းပြရရင်
ဖဿ ဖြစ်တယ်။
အရာတစ်ခုခု ကိုယ့်ကို ထိတွေ့တယ်။
လူတစ်ယောက်က စကားတစ်ခွန်း ပြောလိုက်တယ်။
email တစ်စောင် ရောက်လာတယ်။
social media မှာ post တစ်ခု မြင်လိုက်တယ်။
ဒါ ဖဿ — ထိတွေ့ခြင်း။
ပြီးရင် ဝေဒနာ ဖြစ်တယ်။
ခံစားချက် ပေါ်လာတယ်။
ဒီ ခံစားချက် ၃ မျိုး ပဲ ရှိတယ် —
သုခ ဝေဒနာ — ကောင်း ခံစားရတယ်။
ဒုက္ခ ဝေဒနာ — ဆိုး ခံစားရတယ်။
ဥပေက္ခာ ဝေဒနာ — ဘာမှ မခံစားဘူး ဘာမှ မထူးဘူး။
ဒီ ၃ ခု ထဲက တစ်ခုခု ဖြစ်တယ်။
ဒါ ရပ်လို့ မရဘူး။ သဘာဝ ဖြစ်စဉ် ဖြစ်တယ်။
ဒါပေမယ့် ပြဿနာက ဒီနောက်မှာ ဖြစ်တယ်။
ကောင်းတဲ့ ခံစားချက် ရရင် → “ပိုလိုချင်တယ်”
ဆိုးတဲ့ ခံစားချက် ရရင် → “ရှောင်ချင်တယ် မုန်းတယ်”
ဘာမှ မခံစားရင် → “ဂရုမစိုက်ဘူး လျစ်လျူရှုလိုက်မယ်”
ဒါ အလိုအလျောက် ဖြစ်သွားတယ်
ကိုယ် မသိလိုက်ဘူး။
“ပိုလိုချင်တယ်” ဆိုတာ → ယူတယ် ကပ်ငြိတယ် ဆုပ်ကိုင်တယ်
“မုန်းတယ်” ဆိုတာ → တွန်းထုတ်တယ် ရန်ဖြစ်တယ် ထွက်ပြေးတယ်
“လျစ်လျူရှုတယ်” ဆိုတာ → အခွင့်အလမ်းကို လက်လွတ်တယ် မသိလိုက်ဘူး
ဒါတွေ ဆက်တိုက် ဖြစ်ပြီးရင်
stress ဖြစ်တယ်။
ဆုံးဖြတ်ချက် မှားတယ်။
pattern ထပ်ခါထပ်ခါ ဖြစ်တယ်။
ရလဒ် ထပ်ခါထပ်ခါ ထွက်တယ်။
ပြီးရင် “ငါ့ ကံ မကောင်းတာ” ပြောဖြစ်တယ်။
တကယ်က ကံ မဟုတ်ဘူး
loop ပါ။
ဗုဒ္ဓရဲ့ အံ့ဩစရာ ကောင်းတဲ့ ထိုးထွင်းအမြင်က
ရိုးရှင်းတယ် ဒါပေမယ့် အင်မတန်အစွမ်းထက်ပြီး
ဘဝမှာ နေ့စဉ်ကျင့်သုံးလို့ရပါတယ်။
ကမ္ဘာကို ထိန်းချုပ်ဖို့ မလိုဘူး။
ဖဿ ကို ထိန်းချုပ်ဖို့ မလိုဘူး။
ဝေဒနာ ကိုတောင် ထိန်းချုပ်ဖို့ မလိုဘူး။
ခံစားချက် နဲ့ တုံ့ပြန်မှု ကြားထဲက
အကွာအဝေး ကို ထိန်းချုပ်ဖို့ လိုတယ်။
ဒီ အကွာအဝေး ကို
ဗုဒ္ဓက “သတိ” လို့ ခေါ်တယ်။
ဝေဒနာ ဖြစ်ပြီးတဲ့ အခိုက်မှာ
ချက်ချင်း တဏှာ ထဲ မဝင်ဘဲ
“ဟာ ခံစားချက် ဖြစ်နေပြီ” ဆိုပြီး
သတိ ဝင်ရင် —
chain ပြတ်တယ်။
Loop ပြောင်းသွားတယ်။
Loop ကို upgrade လုပ်လို့ရပါတယ်။
ယခင် loop —
ဖဿ → ဝေဒနာ → တုံ့ပြန်မှု → လုပ်ရပ် → ရလဒ်
Upgrade loop —
ဖဿ → ဝေဒနာ → သတိ → ရွေးချယ်မှု → လုပ်ရပ်
ကွာခြားချက်က တစ်ခုတည်းပါ။
“သတိ” ဝင်လာတာ။
ဒါပေမယ့် ဒီ “တစ်ခုတည်း” က
အရာအားလုံးကို ပြောင်းပစ်တယ်။
ယခင်က — ခံစားချက် ဖြစ် → ချက်ချင်း တုံ့ပြန် → ရလဒ် ခံရ
ယခု — ခံစားချက် ဖြစ် → သတိ ဝင် → ရွေးချယ် → ရလဒ် ဖန်တီး
“ခံရ” နဲ့ “ဖန်တီး” ဆိုတဲ့ စကားလုံး ကွာခြားချက်ထဲမှာ
ဘဝ တစ်ခုလုံးရဲ့ ကွာခြားချက် ရှိတယ်။
Victor Frankl က ပြောခဲ့ပါတယ်။
“ဖြစ်ရပ် နဲ့ တုံ့ပြန်မှု ကြားထဲမှာ
နေရာလပ် တစ်ခု ရှိတယ်
ဒီ နေရာလပ်ထဲမှာ ကိုယ့် ရွေးချယ်ခွင့် ရှိတယ်။
ဒီ ရွေးချယ်ခွင့်ထဲမှာ ကိုယ့် လွတ်လပ်ခွင့် ရှိတယ်” လို့။
ဗုဒ္ဓက ဒီ “နေရာလပ်” ကို
နှစ် ၂၅၀၀ ကျော်ကတည်းက
“ဝေဒနာ နဲ့ တဏှာ ကြားထဲက သတိ” လို့ ညွှန်ပြခဲ့ပြီးသားပါ။
Frankl က ခေတ်သစ် ဘာသာစကားနဲ့ ပြန်ပြောလိုက်တာ
ဒါပေမယ့် အနှစ်သာရ အတူတူပါပဲ။
ကိုယ်တိုင်လဲ ကိုယ့်ကိုကိုယ်ဆုံးမပြီး
လက်တွေ့ ကျင့်သုံးနည်းကတော့
ပထမ — သတိထားပါ။
“ယခု ငါ ဘာ ခံစားနေလဲ” မေးပါ။
ဒါ ရိုးရှင်းတယ်
ဒါပေမယ့် လူ ၉၅% က ဒါကို မလုပ်ဘူး။
ခံစားချက် ဖြစ်ရင် ချက်ချင်း တုံ့ပြန်တယ်
“ဘာ ခံစားနေလဲ” မမေးဘူး။
ဒါကို English လို self-awareness လို့ခေါ်တယ်။
ဒုတိယ — အမည် ပေးပါ
“ဒါ သုခ ဝေဒနာ”
“ဒါ ဒုက္ခ ဝေဒနာ”
“ဒါ ဥပေက္ခာ ဝေဒနာ”။
အမည် ပေးလိုက်ရင်
ခံစားချက်က ကိုယ့်ကို ထိန်းချုပ်တာ ရပ်တယ်
ကိုယ်က ခံစားချက်ကို ကြည့်နေတဲ့ သူ ဖြစ်သွားတယ်။
တတိယ — ခဏ ရပ်ပါ
ချက်ချင်း မတုံ့ပြန်ပါနဲ့။
စက္ကန့် ၃ စက္ကန့် ပဲ ဖြစ်ဖြစ်
ရပ်ပါ။
ဒီ စက္ကန့် ၃ စက္ကန့်က
“ခံရ” ကနေ “ဖန်တီး” ဆီ ကူးပြောင်းပေးတယ်။
စတုတ္ထ — ရွေးချယ်ပါ
“ဘယ် တုံ့ပြန်မှုက အကောင်းဆုံး ရလဒ် ပေးမလဲ” မေးပါ။
ချက်ချင်း စိတ်ကောင်းပေးတဲ့ တုံ့ပြန်မှု မဟုတ်ဘူး
ရေရှည် အကောင်းဆုံး ရလဒ် ပေးတဲ့ တုံ့ပြန်မှုကို ရွေးပါ။
နည်းနည်းလေရှည်ပြီးဆက်ရှင်းပြရရင်
မှတ်ထားရမယ့် အရာ ၃ ခု ရှိပါတယ်။
တစ် — အရာရာ ဖြတ်သွားတယ်
ယခု ခံစားနေတဲ့ ဒေါသ — ဖြတ်သွားမယ်။
ယခု ခံစားနေတဲ့ ဝမ်းနည်းမှု — ဖြတ်သွားမယ်။
ယခု ခံစားနေတဲ့ ပျော်ရွှင်မှု — ဒါတောင် ဖြတ်သွားမယ်။
ဒါ အနိစ္စ။
ခံစားချက်က ယာယီ ပါ။
ယာယီ အရာအတွက်
အမြဲတမ်း ဆုံးဖြတ်ချက် မချပါနဲ့။
နှစ် — အတွေးက အမှန်တရား မဟုတ်ဘူး
“ငါ့ကို သူ ဒီလို ထင်နေမှာ” ဆိုတာ — အတွေးပါ အမှန်တရား မဟုတ်ဘူး။
“ဒါ ဖြစ်မှာ မဟုတ်ဘူး” ဆိုတာ — အတွေးပါ အမှန်တရား မဟုတ်ဘူး။
“ငါ လုံလောက်မှု မရှိဘူး” ဆိုတာ — အတွေးပါ အမှန်တရား မဟုတ်ဘူး။
အတွေးက ကိုယ့် ဦးနှောက် ထုတ်ပေးတဲ့ ဇာတ်လမ်းပါ။
ကိုယ်က ဒါကို ယုံဖို့ မလိုဘူး ကြည့်ရုံပဲ။
သုံး — လုပ်ရပ် တိုင်းမှာ အကျိုးဆက် ရှိတယ်။
ကံ ဆိုတာ ဒါပါ။
လုပ်ရပ် တိုင်း ရလဒ် ဖန်တီးတယ်။
သတိ မမူဘဲ တုံ့ပြန်ရင် — ရလဒ် ခံရတယ်။
သတိ ရှိပြီး ရွေးချယ်ရင် — ရလဒ် ဖန်တီးတယ်။
ဒါ ကံရဲ့ ယန္တရား ပါ။
ဒီ loop ကို ဘယ်နေရာတွေမှာ သုံးလို့ ရလဲဆိုရင်
လုပ်ငန်းမှာ
ဖောက်သည်က complaint တက်ရင်
ချက်ချင်း ဒေါသ မဖြစ်ပါနဲ့ → ဘာ ခံစားနေလဲ → ခဏ ရပ် → အကောင်းဆုံး တုံ့ပြန်မှု ရွေး
ဆက်ဆံရေးမှာ —
ချစ်သူက နာကျင်စေတဲ့ စကား ပြောရင်
ချက်ချင်း ပြန်မတိုက်ပါနဲ့ → ဘာ ခံစားနေလဲ → ခဏ ရပ် → ဆက်ဆံရေး ကိုယ့်ကို ကာကွယ်မယ့် တုံ့ပြန်မှု ရွေး
ငွေကြေးမှာ —
ပိုက်ဆံ ရတာ မြင်ရင်
ချက်ချင်း မသုံးပါနဲ့ → ဘာ ခံစားနေလဲ → ခဏ ရပ် → ရေရှည် အကောင်းဆုံး ဆုံးဖြတ်ချက် ရွေး
Pattern အတူတူပါ။
သတိထား → အမည်ပေး → ရပ် → ရွေးချယ်။
ဒါ ဘဝရဲ့ operating system upgrade ပါ။
“ဒါ ခက်လိမ့်မယ်” ထင်တယ်။
ဒီလိုပြောကောင်းပြောလိမ့်မယ်။
မှန်ပါတယ်။
ဒါ ခက်ပါတယ်။
ဒါပေမယ့် ကျင့်လို့ ရတယ်။
ကျွန်တော်လဲ ကိုယ့်ကိုကိုယ်
ဒီနည်းနဲ့ပြုပြင်ဆဲပါ။
လူအများစုက react လုပ်တယ်။
ခံစားချက် ဖြစ်ရင် ချက်ချင်း တုံ့ပြန်တယ်။
ဘာမှ မမြင်ဘူး ဘာမှ မသိဘူး။
သတိရှိတဲ့သူတွေက
ခံစားချက်နည်းသွားပြီး
စောင့်ကြည့် observe လုပ်တယ်။
ခံစားချက် ဖြစ်ရင် မြင်တယ်
“ဟာ ဒါ ဖြစ်နေပြီ” သိတယ်။
ဒါပေမယ့် တစ်ခါတစ်ရံ ထိန်းမရဘူး။
လူနည်းစုက
ခံစားချက် ဖြစ်ရင် မြင်တယ်
မြင်ပြီး ရပ်တယ်
ရပ်ပြီး ရွေးချယ်တယ်။
ဒီ ၃ ဆင့်ထဲက
ကိုယ် ဘယ်ဆင့်မှာ ရှိလဲ
ဒါ ကိုယ့် ဘဝ အဆင့်ကို ပြတယ်။
React တုန့်ပြန်တဲ့ လူ — ဘဝမှာ လောကဓံပိုခံရတယ်။
Observe စောင့်ကြည့်တဲ့ လူ — ဘဝကို မြင်တယ်။
Choose ရွေးချက်တဲ့ လူ — ဘဝကို ဖန်တီးတယ်။
ဒါ ဘဝဂိမ်း အစစ်ပါ။
နားလည်သလောက် ကြိုးစားပြီးတော့
ရေးထားပါတယ်။
အကျိုးတစ်စုံတစ်ရာရှိလိမ့်မယ်လို့
ယုံကြည်ပါတယ်။
Phyo Paing @ Derek