Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

**တရားရဲ့ ရည်ရွယ်ချက်က
သူများထက် မြင့်ဖို့ မဟုတ်ဘူး။

ကိုယ့်စိတ်ကို ပိုမြင်လာဖို့။**

တရားရသွားတဲ့သူက
ဒီ ၁၂ ချက် မလုပ်တော့ဘူး။

ဘဝမှာ အများဆုံးကြုံရတတ်တာ
တရားရတဲ့သူတွေ။

တချို့က တရားရတဲ့သူအစစ်။
တချို့က အစစ်ဟုတ်ချင်မှဟုတ်မယ်။

ဒီအချက်လေးတွေနဲ့တိုက်စစ်လို့ရအောင်
စဉ်းစားမိတာလေးရေးလိုက်မိတယ်။

တရားအကြောင်း အများကြီးပြောနိုင်တာနဲ့
တရားရတာ မတူပါဘူး။

ကိုယ်တိုင်ကလဲ ကြိုးစားနေဆဲ။

တခါတလေ
အတ္တကို စွန့်ဖို့ တရားရှာရင်း
“ငါက တရားပိုရတယ်” ဆိုတဲ့
အတ္တအသစ်တစ်ခု ရလာတတ်တယ်။

ဒါကို ကိုယ့်ကိုယ်ကို ပြန်စစ်ကြည့်လို့ရတယ်။

၁။ အရာရာ ပြိုင်မငြင်းတော့ဘူး။

သူမှားကြောင်း သက်သေပြနိုင်တိုင်း
ကိုယ်ပိုမှန်လာတာ မဟုတ်ဘူး။

တချို့ကိစ္စတွေမှာ
နားလည်ပြီး ရပ်လိုက်တာက
နိုင်အောင်ငြင်းတာထက် ပိုအေးချမ်းတယ်။

၂။ “နင်က အဆင့်နိမ့်နေသေးတယ်” လို့ မပြောတော့ဘူး။

တကယ်အမြင့်ရောက်နေတဲ့သူက
သူများဘယ်လောက်နိမ့်လဲဆိုတာ ပြပြီး
ကိုယ့်အမြင့်ကို သက်သေပြစရာမလိုဘူး။

၃။ “သူမှားတယ်၊ ငါမှန်တယ်” ဆိုတာကို အမြဲသက်သေမပြတော့ဘူး။

ကိုယ့်အမြင်ကလည်း
ကိုယ်မြင်နိုင်သလောက်ပဲ
ဖြစ်နိုင်တယ်ဆိုတာ သိလာတယ်။

မှန်ချင်တာထက်
နားလည်ချင်တာ ပိုများလာတယ်။

သူများယုံကြည်ရာ၊ ကိုးကွယ်ရာကို
နင်မှားတယ်သွားပြောမနေတော့ဘူး။

၄။ “ငါတရားရပြီ၊ မင်းတို့လိုသေးတယ်” လို့ မပြောတော့ဘူး။

တရားကိုတောင်
Status ဂုဏ်တစ်ခုလို သုံးနေပြီဆိုရင်
အတ္တက အဝတ်အစားပြောင်းထားတာ ဖြစ်နိုင်တယ်။

အရင်က
“ငါပိုက်ဆံပိုရှိတယ်။”

အခုက
“ငါပိုသိတယ်။”
“ငါပိုနိုးကြားတယ်။”
“ငါတရားပိုရတယ်။”

ပစ္စည်းပြောင်းသွားပေမယ့်
“ငါပိုသာတယ်” ဆိုတာ မပြောင်းသေးဘူး။

၅။ တခြားသူရဲ့ ဘဝကို အလွယ်တကူ မစီရင်တော့ဘူး။

သူဘာတွေဖြတ်သန်းခဲ့လဲ
ကိုယ်အကုန်မသိဘူး။

မြင်ရတဲ့ အပြုအမူတစ်ခုနဲ့
လူတစ်ယောက်လုံးကို ဆုံးဖြတ်လို့မရဘူး။

တခြားသူဘဝကို ကိုယ့်စိတ်နဲ့သွားစေခိုင်းပြီး
မဖြစ်လာတိုင်း နာကျင်မနေတော့ဘူး။

၆။ တရားကို သူများကို အနိုင်ယူဖို့
လက်နက်လို မသုံးတော့ဘူး။

“မင်းက မလွှတ်ချနိုင်သေးဘူး။”

“မင်းမှာ အတ္တကြီးနေသေးတယ်။”

“ဒါ မင်း attachment ပဲ။”

“ဒါ တဏှာ”။

“ဒါက သညာတွေ”။

ကိုယ့်ကိုယ်ကို ကြည့်ဖို့ သင်ယူထားတဲ့အရာကို
သူများကို ဝေဖန်ဖို့ သုံးနေမိရင်
ပြန်စစ်ဖို့လိုတယ်။

၇။ သူများရဲ့ နာကျင်မှုကို တရားနဲ့ ချက်ချင်းမဖုံးတော့ဘူး။

လူတစ်ယောက် ဝမ်းနည်းနေတယ်။

“အနိစ္စပဲ၊ လွှတ်ချလိုက်။”

ပြောရတာ လွယ်တယ်။

တခါတလေ သူလိုတာ
တရားတစ်ပုဒ် မဟုတ်ဘူး။

နားထောင်ပေးမယ့် လူတစ်ယောက်ပဲ။
စာနာတတ်သွားမယ်။

၈။ မသိတာကို သိသလို မလုပ်တော့ဘူး။

“မသိဘူး” လို့ ပြောနိုင်လာတယ်။

ကိုယ့်ယုံကြည်ချက်နဲ့
အမှန်တရားကို ခွဲတတ်လာတယ်။

သိလေလေ
မသိသေးတာတွေ များနေသေးတာ ပိုမြင်လာတယ်။

၉။ ကိုယ့်အမြင်ကို ကိုယ့် Identity မလုပ်တော့ဘူး။

ကိုယ့်အမြင်မှားနိုင်တယ်။

အချက်အလက်အသစ်ရရင် ပြောင်းနိုင်တယ်။

အမြင်ပြောင်းလိုက်တာကို
ရှုံးတာလို့ မမြင်တော့ဘူး။

၁၀။ ချီးကျူးခံရဖို့ တရားမလုပ်တော့ဘူး။

“သူက တော်တော်အေးချမ်းတာပဲ။”

“သူက တရားတော်တော်ရနေပြီ။”

ဒီလိုအမြင်ခံရဖို့
အေးချမ်းနေတဲ့ပုံ မဖမ်းတော့ဘူး။

အတွင်းမှာ မီးလောင်နေရင်
မီးလောင်နေတာကို သိတယ်။

၁၁။ ကိုယ့်ကို ဒေါသထွက်စေတဲ့သူကို
‘သူတရားမရှိလို့’ လို့ပဲ မမြင်တော့ဘူး။

ကိုယ့်ကိုယ်ကို ပြန်ကြည့်တယ်။

“သူပြောတာက
ငါ့စိတ်ထဲကဘယ်အရာကို ထိသွားတာလဲ။”

“ဘာကြောင့် ငါ ဒီလောက် react ဖြစ်တာလဲ။”

သူ့ကို လေ့လာရုံတင်မဟုတ်ဘူး။

ကိုယ့်စိတ်ကို ပြန်လေ့လာတယ်။

၁၂။ “ငါရောက်ပြီ” လို့ မယူဆတော့ဘူး။

ရောက်ပြီလို့ထင်တဲ့အချိန်က
သင်ယူမှု ရပ်သွားနိုင်တယ်။

ဒါကြောင့်
တခြားသူကို
“နင်ဘယ်အဆင့်ရောက်ပြီလဲ” လို့ ကြည့်တာထက်

“ငါ့စိတ်ထဲမှာ အခုဘာဖြစ်နေလဲ”

ဆိုတာကို ပိုကြည့်တယ်။

တရားရခြင်းရဲ့ အမှတ်အသားက
တရားစကား ဘယ်လောက်ပြောနိုင်လဲ မဟုတ်ဘူး။

ကိုယ့်အတ္တကို ကိုယ်
ဘယ်လောက်မြင်နိုင်လာလဲဆိုတာ ဖြစ်နိုင်တယ်။

“ငါမှန်တယ်” ကနေ
“ငါမှားနိုင်တယ်” ဖြစ်လာတယ်။

“သူ့ကိုပြင်မယ်” ကနေ
“ငါ့ကိုယ်ငါ ပြန်ကြည့်မယ်” ဖြစ်လာတယ်။

“ငါပိုမြင့်တယ်” ကနေ
“လူတိုင်းမှာ ကိုယ်မသိတဲ့ ခရီးတစ်ခုရှိတယ်” ဖြစ်လာတယ်။

တရားက စိတ်မထားတတ်ရင်
တခါတခါ အတ္တကို ပိုကြီးစေရင်
တစ်ခုခုတော့ ပြန်စစ်ဖို့လိုတယ်။

**တရားရဲ့ ရည်ရွယ်ချက်က
သူများထက် မြင့်ဖို့ မဟုတ်ဘူး။

ကိုယ့်စိတ်ကို ပိုမြင်လာဖို့။**

Phyo Paing @ Derek

Share Your Idea!​